လယ်သမားတွေက စစ်တပ်ကို စပါးပေးဖို့ ငြင်းဆန်
2012.12.27

အမ်းမြို့မှာ အခြေစိုက်တဲ့ ခမရ- ၃၇၁ တပ်ရင်းက မနေ့က သီးစားခ စပါးတွေ လာရောက် ကောက်ခံရာမှာ စစ်တပ်က စာရွက်စာတမ်းတွေ မပြနိုင်တဲ့အတွက် ဒေသခံတောင်သူတွေက စပါးပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ နတ်ချောင်းကျေးရွာအုပ်စုက လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က ခမရ ၃၇၁ က သစ်ပင်တွေနဲ့ စားကျက်မြေဖျက်တဲ့အမိန့်စာရွက်မပါလို့ တောင်သူတွေက မပေးဘူးပြောတော့ ငါတို့ကိုနိုင်ငံတော်က ပေးထားတာ မပေးလို့ မရဘူးလို့ပြောတယ် "
မနေ့က အဲဒီလို စစ်တပ်က သီးစားခ ကောက်ခံလာမှုအပေါ် လယ်သမားတွေက ငြင်းဆန်ခဲ့ကြတဲ့အတွက် ဒီကနေ့နေ့လည်ပိုင်းမှာ အမ်းမြို့ ခမရ-၃၇၁ စစ်တပ်အရာရှိက လယ်သမားတွေကို စစ်တပ်ကို မဖြစ်မနေလာရောက်ဖို့ ဖုန်းဆက်အကြောင်းကြား ထားတယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာအုပ်စုက လယ်သမားတွေ လုပ်ကိုင်စားသောက်နေတဲ့ စားကျက်လယ်မြေဧက ၁၇၀ ကျော်ကို အမ်းမှာ အခြေစိုက်တဲ့ ခမရ- ၃၇၁ တပ်ရင်း၊ အဆရ-၈ ဆက်သွယ်ရေးတပ်ရင်း၊ ဆေးတပ်ရင်းတို့အပြင် ကျောက်တော်မြို့မှာအခြေစိုက်တဲ့ တပ်မ စကခ-၉ စတဲ့ တပ်ရင်းတွေက ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်ကစတင်ပြီး အဓမ္မသိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
တပ်ရင်း ၄ ခုက အဲဒီလို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီလယ်သမားတွေကိုပဲ ၁ ဧက စပါး ၂၅ တောင်းနှုန်းနဲ့ ဒီကနေ့ အချိန်အထိ သီးစားချကာ ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။
လယ်သမားတွေအနေနဲ့ ဒီလယ်ယာမြေတွေကို သီးစားခတွေ ကင်းလွှတ်ခွင့် ရရှိဖို့နဲ့ လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ကို တိုင်ကြားဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။