သံတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို AA ဖမ်းဆီးခေါ်ဆောင်သွား
2019.02.23
ရက္ခိုင့်တပ်မတော် AA က အခုလ ၂၂ ရက်နေ့ မနက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ပလက်ဝမြို့နယ် သံ တောင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးချာဟော်နဲ့ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဖာတို့ကို မိသားစုဝင်တွေနဲ့ ရပ်မိ ရပ်ဖတွေက ဒီနေ့နီးစပ်ရာ ရွာတွေနဲ့ တောတွေထဲမှာ သွားရောက် ရှာဖွေခဲ့ပေမယ့် မတွေ့ရဘူးလို့ ပြောပါတယ်။
AA က ဖမ်းဆီးသွားသူ နှစ်ဦးစလုံးဟာ ချင်းလူမျိုးတွေဖြစ်တာကြောင့် သူတို့တစ်စုံတစ်ရာ ထိခိုက်မှုတွေရှိခဲ့ရင် ရခိုင် နဲ့ ချင်းတိုင်းရင်းသားတွေကြား လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာနိုင်တာကြောင့် ဒေသတည်ငြိမ်ရေး စိုးရိမ်မှုတွေရှိနေတယ်လို့လည်း အမည်မဖော်လိုတဲ့ သံတောင် ကျေးရွာခံတစ်ဦးက ပြောပါတယ်။
ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ချင်းလူမျိုးတွေဖြစ်တာကြောင့် ဖမ်းဆီးတာမဟုတ်ဘဲ AA ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ပေးလို့သာ အရေးယူ ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လထဲက AA က သံတောင်ကျေးရွာ ရဲစခန်းကို တိုက်ခိုက်မယ်ဆိုပြီး စာပေးပို့တာ ရှိခဲ့တယ်လို့ ချင်းပြည် နယ် အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က ပြောပါတယ်။
နယ်မြေအနေအထားအရ ပလက်ဝမြို့နယ်အတွင်း လေးမြို့ချောင်း တစ်လျှောက်မှာ သံတောင်ကျေးရွာဟာ သီးခြားတည်ရှိနေပြီး တပ်မတော်ဘက်ကလည်း လုံခြုံရေးချထားပေးမှု အားနည်းတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
မနေ့က မနက်အစောပိုင်း ၄ နာရီလောက်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက သံတောင်ကျေးရွာကို ရက္ခိုင့် တပ်မတော် AA က ဝင်ရောက်လာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဦးစွာဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာဟော် ကနေတဆင့် စခန်းမှူး၊ ဒုရဲအုပ် ဆလိုင်းဘီးဖာကို ခေါ်ခိုင်းခဲ့ပါတယ်။
စခန်းမှူးက တပ်ကြပ်တစ်ဦးနဲ့ ရောက်လာခဲ့ချိန်မှာ စခန်းမှူးကို ဖမ်းထားလိုက်ပြီး တပ်ကြပ်ကို စခန်းကို ပြန်လွှတ်ပြီး လက်နက်ချဖို့ AA ဘက်က ခိုင်းစေခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာဝန်ကြီး ဦးစိုးထက် က RFA ကို အတည်ပြု ပြောပါတယ်။
"အုပ်ချုပ်ရေးမှူးကို AA ကဖမ်းပြီးတော့ စခန်းမှူးကို ခေါ်ခိုင်းတယ်။ စခန်းကို လက်နက်ချခိုင်းဖို့အတွက်ကို တပ်ကြပ်ကြီးတစ်ယောက်ကို ပြန်လွှတ်လိုက်တယ်။ တပ်ကြပ်ကြီးကလည်း စခန်းရောက်တော့ လက်နက် မချနိုင်ဘူးဆိုတော့ ပစ်ခတ်မှုနည်းနည်းဖြစ်ပြီးတော့ စခန်းမှူးနဲ့ အုပ်ချုပ်ရေးမှူးကို ခေါ်သွားတာမှန်ပါတယ်။ တပ်မတော်ပိုင်းဆိုင်ရာကော၊ အထက်ကော တင်ပြပြီး နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေပါတယ်ခင်ဗျ"
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့မနက် သတင်းထုတ်ပြန်ရာမှာ စခန်းမှူး အဖမ်းခံရမှုသတင်းအပြင် သံတောင်ရဲစခန်းကို AA အဖွဲ့က မနေ့က မနက် ၄ နာရီ မိနစ် ၄၀ မှာ လက်နက်ကြီးနဲ့တစ်ကြိမ်၊ ၈ နာရီကျော်မှာ လက်နက်ငယ်နဲ့ တစ်ကြိမ် ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ပြောထားပါတယ်။
ဒီနေ့ မနက်မှာတော့ AAရဲ့ ဖမ်းဆီးမှုကိုခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးတို့ကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့အတွက် မိသားစုဝင်တွေနဲ့ ရွာခံရပ်မိရပ်ဖတွေက AA တပ်တွေထွက်သွားတဲ့ လမ်းကြောင်းအတိုင်း တောတွေထဲကို လိုက်သွားခဲ့ပေမယ့် ဘာမှမတွေ့ခဲ့တာကြောင့် နေလည်ပိုင်းမှာ ရွာကို ပြန်လာခဲ့ကြပါတယ်။
အမည်မဖော်လိုတဲ့ သံတောင်ကျေးရွာက ဒေသခံတစ်ဦးက လက်ရှိ ကျေးရွာဒေသခံတွေရဲ့ ခံစားချက်ကို အခုလို ပြောပါတယ်။
"သူတို့နဲ့ တွေ့ရင်တောင်းပန်မှာပေါ့။ ဒါမဲ့ ဘာမှမတွေ့ခဲ့ဘူး။ လူမျိုးရေးလိုလိုဖြစ်နေတာပေါ့။ ခုလည်း ရဲအုပ် ဆလိုင်းဘီးဖာကော၊ ဦးချားဟော်ကောက ချင်းတွေ၊ လက်နက်ကိုင်တွေက ရခိုင်တွေဖြစ်တော့ လူမျိုးရေးကို ထိခိုက်စေတယ်။ အဲလိုဆက်လုပ်ရင် လူမျိုးရေးပဋိက္ခတွေ ဆက်ဖြစ်လာမယ်။ ဦးချားဟော်တို့ တစ်ခုခုဖြစ်သွားရင် လူမျိုးရေး ပဋိပက္ခတွေ ပိုကြီးထွားလာနိုင်တယ်"
သံတောင်ကျေးရွာတစ်ဝိုက်ကို တပ်မတော်ဘက်က လုံခြုံရေးချထားပေးတယ်လို့ ကြားနေရပေမယ့် အကောင် အထည်မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေများနေတဲ့အပေါ် အစိုးရတပ်မတော်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် ဒေသခံတွေရဲ့ စိုးရိမ်မှုကို မဖြေလျော့နိုင်သေးဘူးလို့ ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ကလည်း ပြောပါတယ်။
သံတောင်ကျေးရွာဟာ နယ်မြေအနေအထားအရ ပလက်ဝမြို့နယ်အတွင်းက လေးမြို့ချောင်းတစ်လျှောက်မှာ သီးခြားကွဲထွက်နေတဲ့ ရွာဖြစ်တာကြောင့် AA ဘက်က ဒီရွာကို ထိန်းချုပ်ထားလိုတဲ့ သဘောရှိနေတယ်လို့ ပြည်နယ်အစိုးရဘက်က သုံးသပ်ချက်တွေလည်းရှိပါတယ်။
ဒေသခံတွေကလည်း ရက္ခိုင့်တပ်မတော်က ရွာထဲကို ဝင်လာရင် အစိုးရဘက်ကို အကြောင်းကြားတာ တွေရှိတယ်လို့ ထုတ်ဖော်ပြောပါတယ်။
ရက္ခိုင့်တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက သံတောင်ကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ စခန်းမှူးကို AA ရဲ့ အောက်ခြေတပ်မှူးတွေက ဖမ်းဆီးခေါ်ဆောင်သွားတာဟာ သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို နှောက်ယှက်တာ ကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
"ဒါက ကျွန်တော်တို့ လူမျိုးရေးကိစ္စနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို အနှောက်ယှက်ပေးလို့ အရေးယူဆောင်ရွက်တာ၊ ချင်းကြောင့်မိုလို့ ဆောင်ရွက်တာမရှိဘူး။ အစိုးရစစ်တပ်တွေကို သတင်းပေးတာတွေ လုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရှိတယ်။ ULA ရဲ့ အမျိုးသားရေးလုပ်ငန်းစဉ်တွေကို အနှောက်အယှက် ပေးသူတွေကို ပြတ်ပြတ်သားသားအရေးယူမှာ။ ကျွန်တော်တို့မှာ လူမျိုးအစွဲမရှိဘူး"
ဒီနေ့မှာလည်း သံတောင်ကျေးရွာနဲ့ ၅ မိုင်ခန့်သာဝေးတဲ့ ကိုဖေရှေရွာကို AA တပ်တွေဝင်ရောက်လာ ခဲ့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
ဒေသခံတွေက AA ဟာ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ လုပ်နေပြီး ပလက်ဝမြို့နယ်အတွင်းက ရွာတွေမှာ အခုလိုဆောင်ရွက်တာဟာ ရခိုင်နဲ့ ချင်းကြား ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
AA ဘက်ကတော့ ဒါဟာ လူမျိုးရေးပြဿနာမဟုတ်ဘဲ သူတို့ရဲ့ လုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးပြီး အစိုးရကို သတင်းပေးသူတွေကို အရေးယူဆောင်ရွက်မှုတွေလုပ်တာလို့ ပြောပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။