လယ်သမားအရေးဆောင်ရွက်သူ ၃ ဦး ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြ
2013.12.13
ပေါင်းတည်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ မိတ္ထီလာ ပြည်သူ့အကျိူးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး အပါအဝင် ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့ဟာ ဒီကနေ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေကြပါတယ်၊
သူတို့ကို ဖမ်းဆီးထားတာ အခုဆိုရင် ၆ လကျော်ရှိနေပြီဖြစ်ပေမယ့် အမိန့်ချခြင်းမရှိဘဲ ဖမ်းဆီးထားတာကြောင့် အမှုကြန့်ကြာနေတဲ့အတွက် အခုလို အစာငတ်ခံဆန္ဒပြရတာဖြစ်ကြောင်း ဒေါ်မြင့်မြင့်အေးရဲ့တူမဖြစ်သူ မဟန်စုယဉ်က RFA ကို ပြောပါတယ်၊
“ကျမပေါင်းတည်ထောင်ကို လှမ်းပြီးဖုန်းဆက်မေးတဲ့အခါကျတော့ ဒီနေ့ကစပြီး အစာမစားဘူးလို့ သိရပါတယ်၊ အကျဉ်းထောင်ထဲကို မရောက်ခင်မှာ လေနည်းနည်းဖျန်းထားတာရှိပါတယ်၊ အဲဒီအတွက်လည်း လေဆေးတွေစားရတယ်၊ ပြီးတော့ အသက်အရွယ်အရလည်း ဒူးနာတဲ့အတွက် ဒူးနာပျောက်ဆေးရှိတယ်၊ အားဆေးရှိတယ်၊ ဒါပေမဲ့လို့ အစာငတ်ခံဆန္ဒပြတဲ့အချိန်မှာ အဲဒီဆေးတွေအားလုံးကိုပါ ဖြတ်ထားပါတယ်ရှင့်၊ အင်္ဂါနေ့ရုံးချိန်းသွားတဲ့နေ့ကတော့ တိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်မချမချင်း အစာငတ်ခံဆက်ပြီး ဆန္ဒပြမယ်လို့ ကျမတို့သိခဲ့ရတယ်”
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တစ်ဝိုက်က အသိမ်းခံထားရတဲ့ လယ်မြေကိစ္စအတွက် လယ်သမားတွေကိုကူညီခဲ့သူ သူတို့ ၃ ဦးကို ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်၊ ဒါပေမဲ့ အဲဒီပြည်သူ့အကျိူးဆောင်ကွန်ရက်အဖွဲ့ဟာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် သင်းပင်းဥပဒေ ပုဒ်မ ၆ နဲ့ နတ်တလင်းရဲစခန်းက သူတို့ကို စွဲချက်တင်အရေးယူထားတာဖြစ်ပါတယ်။
သူတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က နောက်ဆုံးရုံးထုတ်ခဲ့တာဖြစ်ပြီး စွဲချက်တင်သင့် မတင်သင့်ဆိုတဲ့ အမိန့်တစ်ခုခုကို ပဲခူးတိုင်းတရားရုံးက ဒီကနေ့မှာချမပေးဘူးဆိုလို့ရှိရင် အစာငတ်ခံဆန္ဒပြမယ်လို့ ဒေါ်မြင့်မြင့်အေးက ပြောထားတာလည်း ဖြစ်ပါတယ်။
ပေါင်းတည်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူ့အကျိူးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး အပါအဝင်သုံးဦး ထောင်တွင်းအစာငတ်ခံ ဆန္ဒပြနေကြတဲ့ အခြေအနေကို မသင်းသီရိက ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။