ဖေ့စ်ဘွတ်ပေါ် အမုန်းစကားဖြန့်ဝေမှု အမြန်ဆုံး ကိုင်တွယ်ဖို့ ကိုဖီအာနန် တိုက်တွန်း
2018.05.04
ဖေ့စ်ဘွတ်ပေါ်မှာ အုပ်စုလိုက်ဖွဲ့ပြီး အကြမ်းဖက်ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေမှာ အထူးအဖွဲ့တွေဖွဲ့ပြီး အဲဒီလို ကိစ္စတွေကို အလျှင်အမြန် တုန့်ပြန်ကိုင်တွယ်ဆောင်ရွက်ဖို့ စဉ်းစားသင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောကြားလိုက်ပါတယ်။
ကမ္ဘာပေါ်က အကြီးမားဆုံး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အမုန်းစကားတွေဖြန့်ဝေတာ၊ သတင်း မှားတွေဖြန့်တာ၊ အစိုးရက စပွန်ဆာပေးတဲ့ ဝါဒဖြန့်အကြောင်းအရာတွေနဲ့ ဆွယ်တရားဟောနေတာတွေကြောင့် သုံးစွဲသူတွေဒီထက်ပိုလုံခြုံမှုရဖို့ နိုင်ငံပေါင်းများစွာက အာဏာပိုင်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ဖေ့စ်ဘွတ် တာဝန်ရှိသူတွေကို ဖိအားပေးနေတာဖြစ်ပါတယ်။
မစ္စတာကိုဖီအာနန်ကို ဖေ့စ်ဘွတ်ရဲ့ထုတ်လုပ်မှုအရာရှိ ခရစ်စကောက်က်စ်က ဖေ့စ်ဘွတ်နဲ့ပတ်သက်ပြီး ဘာများ တိုက်တွန်းပြောကြားချင်တာရှိပါသလဲလို့ မေးမြန်းရာမှာတော့ ဖေ့စ်ဘွတ်ဟာ အဆိပ်အတောက် သတင်းစကား တွေပြောနေတာဟာ ဘယ်လိုလူ့အဖွဲ့အစည်းလဲဆိုတာကိုကြည့်ပြီး အဲဒီဘာသာစကားကိုနားလည်သူတွေနဲ့ စောင့်ကြည့်ရပါမယ်။ ပြီးတော့အဲဒါတွေကို ချက်ခြင်းတုန့်ပြန်ဖြေရှင်းနိုင်မယ့် အဖွဲ့အစည်းအင်အားစုတစ်ခု ထူထောင်ရပါမယ်လို့ ကိုဖီအနန်က ပြန်လည်ပြောကြားခဲ့ပါတယ်။
ဖေ့စ်ဘွတ်ဟာ သုံးစွဲသူတွေတင်လာတဲ့ပို့တွေကို စောင့်ကြည့်စစ်ဆေးဖို့ဝန်ထင်အား ၇၅ဝဝ သုံးစွဲထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ လူထုရေးရာမူဝါဒဆိုင်ရာအတွက် ဝန်ထမ်းအင်အားထပ်တိုးဖို့လိုတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်မှာ ပြောခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ မေလ ၁ ရက်က ကျင်းပခဲ့တဲ့ F8 2018 Developer ညီလာခံမှာ ဖေ့စ်ဘွတ်ဟာ ယခုနှစ်အတွက် အရေးပါတဲ့ အပြောင်းအလဲ အစီအစဉ်အချို့ကို အတည်ပြုကြေညာခဲ့ပါတယ်။ အဲဒီအထဲမှာ အဓိကအကျဆုံးကတော့ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုတွေမဖြစ်ဖို့အတွက် ဖေ့စ်ဘွတ်ခ်က Clear History ဆိုတဲ့ ရွေးချယ်ခွင့်နဲ့ ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီရွေးချယ်မှုကို ခွင့်ပြုပေးထားတဲ့အခါ ကိုယ့်ရဲ့အချက်အလက်တွေကို ဖေ့စ်ဘွတ်က သိုမှီးထားခွင့်ရှိတော့မှာ မဟုတ်တော့ဘူးလို့ ဆိုပါတယ်။