တက္ကသိုလ်ဝင်တန်း ကျင်းပနေတဲ့ ရေဖြူ အထက်တန်းကျောင်း ဗုံးပေါက်ကွဲ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့က အထက်တန်းကျောင်းမှာ ယနေ့ ဧပြီ ၁ ရက် နေ့ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုဖို့ ပြင်ဆင်နေချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုဟာ စာမေးပွဲမဖြေဆိုခင် ဒီမနက် ၈ နာရီမှာ ဖြစ်ပွားခဲ့တာပါ။ ဒီပေါက်ကွဲမှု ကြောင့် ကျောင်းသားတွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
"ကလေးတွေ မထိခိုက်ဘူးဆိုရင်တောင် စာတွေ မေ့ကုန်မယ်ထင်တယ်၊ ပေါက်ကွဲသံက တော်တော်ကြီးတယ်၊ အပြင်ကနေတောင် အသံအကျယ်ကြီး ကြားရတာ"
အဲဒီကျောင်းမှာ ရပ်မိရပ်ဖ၊ မီးသတ်နဲ့ စစ်ကောင်စီတပ်သားတွေအပြင် ရဲတွေပါ လုံခြုံရေး ယူထားတာ အင်အား ၄၀ နီးပါး ရှိတယ်လို့ သူက ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေဟာ ကျောင်းပတ်ဝန်းကျင်က အိမ်တချို့ကိုလည်း ရှာဖွေ စစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်။ ဒီပေါက်ကွဲမှုကို ဘယ်သူတွေက လုပ်ဆောင်တယ်ဆိုတာကိုလည်း မသိရသေးပါဘူး။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့ကနေ ဧပြီ ၉ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
စာမေးပွဲဖြေဆိုတဲ့ ပထမရက်မှာတင် တစ်နိုင်ငံလုံးမှာ ပျက်ကွက်သူ သုံးသောင်းကျော် ရှိနေပါတယ်။