နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပဲခူး NLD ဂုဏ်ပြု
2012.01.24

ဂုဏ်ပြုခံရသူတွေထဲမှာ မကြာသေးမီက ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ဗကသ ကျောင်းသားတွေနဲ့ ၁၉၆၂ ခုကတည်းက မကြာခင်ကအထိ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ကြသူတွေ ပါဝင်တယ်လို့ အန်အယ်လ်ဒီပါတီ ပဲခူးတိုင်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမြတ်လှက အာအက်ဖ်အေကို ပြောပါတယ်။
၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို ဝိုင်းဝန်း စောင့်ရှောက်ကြဖို့ ပရိသတ်ကို ဒီအခမ်းအနားမှာ တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။
“အဓိက ကျွန်တော်ပြောခဲ့တာကတော့ မထင်မရှားတဲ့ အညတရတွေ၊ အထဲမှာကျန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအတွက် ဘာများ ထပ်လုပ်ပေးနိုင်ဦးမလဲ ဆိုတာ ပြောခဲ့တာပါ။ ဆိုလိုတာက ထင်ထင်ရှားရှားရှိနေတဲ့ ကျွန်တော်တို့လို ပုဂ္ဂိုလ်တွေကို လိုက်ပြီးတော့ ဂုဏ်ပြုမယ့်အစား လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘဝ ပြန်လည် ထူထောင်ရေးတွေမှာ စိတ်အားရော လူအားရော ကျန်တဲ့အားတွေပါ ပေါင်းပြီးတော့ ဝိုင်းဖြည့်ပေးကြဖို့ရယ်၊ နောက်ပြီးတော့ တစ်စစီ ပြိုကွဲနေတဲ့ မိသားစုတွေကို တတ်နိုင်သမျှ စိတ်ပိုင်းဆိုင်ရာရော လူမှုရေးပိုင်းပါ ဝိုင်းပြီး ဖေးမပြီးတော့ ပြန်ပေါင်းစည်းဖို့ လုပ်ပေးကြဖို့ပါ။ နှုတ်ကပြောလို့မထွက်တဲ့ အခြေအနေတွေ များစွာရှိပါတယ်။ မိသားစုတွေ တစ်စစီ ပြိုကွဲသွားပြီးတော့ ကလေးတွေ ဘယ်နောက် လိုက်ရမှန်းမသိတဲ့ အခြေအနေတွေပါ။ အင်မတန် စိတ်မချမ်းမြေ့စရာ ဖြစ်နေတယ်။ သူတို့ဘဝတွေကို ပြန်ပြီးတော့ ထူနိုင် မတ်နိုင်အောင် ကူရပ်ပေးကြဖို့ပါ။ အဲဒါ ကျွန်တော် အမှတ်တရ ပြောလိုက်ပါတယ်”
အဲဒီ ဂုဏ်ပြုပွဲကို ဧည့်ပရိသတ် ၃ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့က လာရောက်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင်တွေကို ပဲခူးလူထုက ဝိုင်းဝန်း ကြိုဆိုခဲ့ကြသလို လမ်းပိတ်ဆို့မှု မဖြစ်ရအောင် ပဲခူးယာဉ်ထိန်းရဲက ဝိုင်းဝန်းကူညီ ရှင်းလင်းပေးတာကို ၈၈ ကျောင်းသားခေါင်းဆောင်တွေက ကျေးဇူးတင်စကား ပြောဆို ကြောင်း သိရပါတယ်။