ဦးဝဏ္ဏမောင်လွင်အပါအဝင် လူပုဂ္ဂိုလ်လေးဦးနဲ့ ကုမ္ပဏီနှစ်ခုကို အီးယူ ထပ်တိုးပိတ်ဆို့

RFA Burmese
2023.12.11
ဦးဝဏ္ဏမောင်လွင်အပါအဝင် လူပုဂ္ဂိုလ်လေးဦးနဲ့ ကုမ္ပဏီနှစ်ခုကို အီးယူ ထပ်တိုးပိတ်ဆို့ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က ထုတ်ပြန်သည့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူသည့်စာရင်းတွင် ပါရှိခဲ့သည့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော နဲ့ ဒေါက်တာ မှုထန်(ဝဲ မှ ယာ)။
RFA

စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့အပါအဝင် လေးဦးနဲ့ စစ်ကောင်စီကို လက်နက်ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အီးယူ ဥရောပသမဂ္ဂက ဒီဇင်ဘာလ ၁၁ ရက် က ထုတ်ပြန်ပါတယ်။

ဒီပိတ်ဆို့လိုက်တဲ့အထဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ စစ်ကောင်စီအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒေါက်တာ မှုထန်နဲ့ ကယားပြည်နယ် (ကရင်နီပြည်နယ်)မှာ အရပ်သားတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး တို့ ပါဝင်ပါတယ်။

ဒါအပြင့် စစ်ကောင်စီကို လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့ Star Sapphire Group of Companies နဲ့ Royal Shune Lei Company Limited တို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်လို့ ဆိုပါတယ်။

ပိတ်ဆို့အရေးယူမှုစာရင်းမှာပါတဲ့သူတွေရဲ့ ငွေကြေးတွေကို သိမ်းဆည်းထားပြီး သူတို့ရဲ့ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီး သုံးဦး၊ စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးနဲ့ စစ်ထောက်ချုပ်တစ်ဦးတို့ အပြင် မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မြန်မာ့သတ္တုတွင်းလုပ်ငန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။

အခုအချိန်မှာ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၀၃ ဦးနဲ့ အဖွဲ့အစည်း ၂၁ ခုကို ပိတ်ဆို့အရေးယူထားပြီး ဒီစာရင်းထဲမှာ ပါဝင်သူကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ဆိုင်းငံ့ထားတာနဲ့ ငွေကြေးလွှဲပြောင်းပေးအပ်မှုတွေကို တားမြစ်ချက်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။