မြန်မာ့အရေး EU ချဉ်းကပ်ပုံ တာဝန်မဲ့လုပ်ရပ်ဖြစ်နေ

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ‘စောင့်ကြည့်သင့်တယ်’ ဆိုတဲ့ ဥရောပသမဂ္ဂ EU အဖွဲ့ရဲ့ ချဉ်းကပ်ပုံကို တာဝန်မဲ့တဲ့ လုပ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ဝေဖန်လိုက်ပါတယ်။

2011.09.03
assk_meets_eu_diplomats_305_z.jpg ဥရောပသမဂ္ဂ ဒုတိယ ဥက္ကဌလည်းဖြစ်၊ နိုင်ငံခြားရေးနဲ့လုံခြုံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ မစ္စတာ ရောဘတ်ကူးပါး ခေါင်းဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ၂၀၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က လာရောက်တွေ့ဆုံ ဆွေးနွေးအပြီး တွေ့ရပုံ။ ဥရောပ သမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ပဲရို ဖာစီနို (ဝဲ)၊ မစ္စတာ ရောဘတ်ကူးပါး (အလယ်)။ ဓါတ်ပုံ - AFP
AFP

တဆက်တည်းမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင် စေလွှတ် စုံစမ်းဖို့အရေးမှာ EU အနေနဲ့ ထောက်ခံဖို့ Amnesty International က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

လန်ဒန်အခြေစိုက် Amnesty International အဖွဲ့ သုတေသနမှူး Benjamin Zawacki အဆိုအရ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ တပြိုင်နက်တည်း အမြောက်အမြား တထိုင်တည်း ချိုးဖောက်နေတာတွေ မြင်တွေ့ခဲ့ရပြီး ဆက်လက် ချိုးဖောက်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစုလိုက် အပြုံလိုက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ၂ဝဝ၇ စက်တင်ဘာလက သံဃာ့ အရေးအခင်းကို ထောက်ပြသလို တိုင်းရင်းသားဒေသတွေက သောင်းနဲ့ချီတဲ့ ဒေသခံတွေကို ရွှေ့ပြောင်းပစ်ခဲ့တဲ့ ကိစ္စတွေကို Amnesty International က ထောက်ပြထားပါတယ်။ ဒီဖြစ်ရပ်တွေဟာ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် အစိုးရသစ် တက်လာတဲ့ နောက်ပိုင်းမှာလည်း ဆက်လက် ဖြစ်ပေါ်နေဆဲလို့ ဆိုပါတယ်။ ဒါ့ကြောင့် မြန်မာအစိုးရသစ်ရဲ့ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်မယ်လို့ EU အဖွဲ့က ပြောနေခြင်းဟာ တာဝန်မဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို AI အဖွဲ့ ရဲ့ EU ကို ဝေဖန်တာနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း

“ကျနော်တို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်တာဟာ တကြိမ်နှစ်ကြိမ်၊ တနှစ် နှစ်နှစ် မဟုတ်ဘူး။ နှစ်ပေါင်း မြောက်မြားစွာ ကြာလာပြီ။ အဲဒီလောက် နှစ်ပေါင်းများစွာ ကြာလာတာကို စောင့်ကြည့်နေလို့ ဘာမှ အကျိုး မရှိတော့ဘူး။ လုပ်နိုင်တာတွေ လုပ်ကြရမယ်။ ကျနော်တို့ကလည်း လှုပ်ရှားနိုင်တာ လှုပ်ရှားရမှာပဲ။ အဲဒါကို စောင့်ကြည့်မယ်လို့ ပြောတာကတော့ တာဝန်မယူတဲ့သဘော ဖြစ်နေပါတယ်”

Amnesty International အဖွဲ့ အဆိုအရ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေခဲ့တာ ဆယ်စုနှစ်တွေ များလှပါပြီလို့ ဆိုပါတယ်။ EU နိုင်ငံ ၁၂ နိုင်ငံက လူထုအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအရေး စုံစမ်းမှုတွေ လုပ်ဖို့ ထောက်ခံနေတာကိုလည်း Amnesty International အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

EU အဖွဲ့ဝင်နိုင်ငံ အစိုးရအများစုက မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းဖို့ လက်ခံပေမယ့် ဂျာမဏီ၊ အီတလီ၊ စပိန်နဲ့ ဆွီဒင်နိုင်ငံတွေရဲ့ အမြင်ကတော့ ပွင့်ပွင့်လင်းလင်း မရှိလှဘူးလို့လည်း Amnesty International အဖွဲ့က ဝေဖန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။