အီးယူ-အာဆီယံဆွေးနွေးပွဲမှာ စစ်တပ်ကိုဖိတ်ကြားမှု ကန့်ကွက်ခံရ
2023.10.03

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ အောက်တိုဘာ ၃ ရက်မှာ ကျင်းပတဲ့ အီးယူ-ဥရောပသမဂ္ဂနဲ့ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများအသင်း လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့တွေ ဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကိုယ်စားပြုသူကို ဖိတ်ကြားတာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ကန့်ကွက် လိုက်ပါတယ်။
စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကိုယ်စားလှယ်ကို အီးယူ-အာဆီယံ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲကို တက်ရောက်ခွင့်ပေးတာ အံ့ဩတုန်လှုပ်ရတယ်လို့ NUG အစိုးရက အောက်တိုဘာ ၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အီးယူနဲ့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တွေအနေနဲ့ မြန်မာနိုင်ငံ အတွက် စစ်မှန်တဲ့ လူ့အခွင့်အရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင် မြန်မာပြည်သူလူထုကို တရားဝင်ကိုယ်စားပြုသူတွေနဲ့သာလုပ်ဖို့လည်း NUG က တိုက်တွန်းထားပါတယ်။
HRW လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အပါအဝင် မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့ ၄၅ ဖွဲ့က ထုတ်ပြန်တဲ့ ပူးပေါင်းကြေညာချက်မှာလည်း စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားတာဟာ လူ့အခွင့်အရေးစံနှုန်းစံထားတွေနဲ့ မကိုက်ညီဘူးလို့ ထောက်ပြ ထားပါတယ်။
အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့ထားသလို၊ အာဆီယံခေါင်းဆောင်တွေကျင်းပတဲ့ ညီလာခံတွေမှာလည်း စစ်ကောင်စီကို တက်ရောက်ခွင့် ပိတ်ထားပါတယ်။