ရခိုင် တိုင်းရင်းသားကျေးရွာတွေ ပိုမို တည်ထောင်ပေးဖို့ လွှတ်တော်အတည်ပြု


2017.11.29
kyawlwin-kyaukphyu-mp-622.jpg ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေမှာ တိုင်းရင်းသားကျေးရွာတွေ ပိုမို တည်ထောင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကန့်ကွက်မယ့်သူမရှိတာကြောင့် အတည်ပြုလိုက်ပါတယ်။

အဆိုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က လွှတ်တော်အစည်းအဝေးမှာ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က တင်သွင်းခဲ့တာဖြစ်ပြီး မောင်တောဒေသမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ နယ်မြေမဆုံးရှုံးအောင် တင်သွင်းခဲ့တာလို့ ပြောပါတယ်။

"ရွာတွေ မီးရှို့ခံရတဲ့အခါကျတော့ အဲဒီဒေသကို ရခိုင်တွေ ပြန်မသွားဘူးဆိုရင် ကျနော်တို့နယ်မြေတွေ ဆုံးရှုံး သွားတော့မယ်၊ ကိုယ့်နေရာကိုယ့်ဒေသကို အရင်အတိုင်းပြန်သွားရင် ဒုက္ခကပိုကြီးသွားဦးမယ်ဆိုတဲ့အခါကျတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွက်လည်း အရေးကြီးသလို ကျနော်တို့ဒေသခံတွေအတွက်လည်း တော်တော် အရေးကြီးတယ်၊ ရခိုင်တွေအတွက် နယ်မြေဆုံးရှုံးသွားမယ့် အခြေအနေမျိုးရှိတယ်၊ အဲဒါကြောင့် ရခိုင်လူမျိုးတွေ အဲနေရာကို အများကြီးပြန်ပို့ရဦးမယ်၊ မဟုတ်ရင် ဘင်္ဂါလီတွေက အစမတန်များနေတဲ့အခါကျတော့ ကျနော် တို့တွေ လုံခြုံမှုမရှိတော့ဘူး၊ ကျနော်က အဲဒီဒေသကို ကိုယ့်ရခိုင်တွေ ပြန်သွားချင်တဲ့ စေတနာကြောင့် ဒီအဆိုကိုတင်တာပါ"

မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ရခိုင်ပြည်နယ်ရဲ့ပိုင်နက် နယ်နိမိတ်မဆုံးရှုံးစေရေးအတွက် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ၁၇ မြို့နယ်က ရခိုင်နဲ့မျိုးနွယ်စုတွေကို စုစည်းပြီး ရခိုင်တိုင်းရင်းသားကျေးရွာတွေအဖြစ် အခုထက် ပိုမိုတည်ဆောက်ပေးသင့်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။

ဘူးသီးတောင်၊ မောင်တောဒေသမှာ လွန်ခဲ့တဲ့ ၁၉၄၂ ခုနှစ်မတိုင်မီက ရခိုင်ကျေးရွာ ၂၀၀ လောက်ရှိခဲ့ရာကနေ မွတ်စလင်တွေနဲ့ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ၁၉၉၂ ခုနှစ်မှာတော့ ရခိုင်တိုင်းရင်းသားကျေးရွာ ၄၆ ရွာသာ ကျန်တော့တယ်လို့လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့သတ္တုဝန်ကြီး ဦးကျော်လွင်က အစိုးရအဖွဲ့ကိုယ်စား အဆိုကိုထောက်ခံခဲ့ပြီး  "ရမ္မာရွှေပြည်" ဆိုတဲ့တိုင်းရင်းသားကျေးရွာတစ်ခုကို မောင်တောမြို့နယ်တောင်ပိုင်းမှာ ထူထောင်ဖို့ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

အဆိုကို ဒီနေ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး  အတည်ပြုလိုက်တာ လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။