သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နော်ဝေအစိုးရ ဒေါ်လာ ၂ သန်းလှူ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စလို့ သိသာသာသာ တိမ်ကောလာပြီဖြစ်တဲ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အတွင်းရှိ နာမည်ကျော် အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် နော်ဝေအစိုးရက အမေရိကန် ဒေါ်လာ ၂ သန်း ထောက်ပံ့ကူညီမယ်လို့ သိရပါတယ်။

2011.07.31

များမကြာခင်က လာရောက်လည်ပတ်ခဲ့တဲ့ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးနိုင်ငံ သံအမတ်ကြီးရဲ့ ခရီးစဉ်အတွင်း ကတိပြု ပြောဆိုခဲ့တာဖြစ်ကြောင်း၊ ဒီကူညီငွေကို အစိုးရ သစ်တောရေးရာ ဝန်ကြီးဌာနကို ပေးအပ်မှာဖြစ်ကြောင်း ဖရီဒါ (FREDA) ခေါ် မြန်မာသစ်တော သယံဇာတ သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း အကြီးအကဲ ဦးအုန်းက ပြောပါတယ်။

“နော်ဝေးသံအမတ်ကြီး တလောက ဗမာပြည်ကို လာပြီး အင်းလေးကန်ကို သွားတယ်။ သူက အင်းလေးကြည့်ပြီး စိတ်မကောင်းဖြစ်ပြီးတော့ အင်းလေးအတွက် ဒေါ်လာ ၂ သန်းလှူဖို့ ဆုံးဖြတ်တယ်။ UNDP ကို အကြောင်းကြားတယ်။ UNDP က ကျနော်တို့အသင်း ဖရီဒါက ဦးဆောင်လုပ်ရင် သဘောတူမတူ သစ်တောဝန်ကြီးဌာနကို မေးတယ်။ သစ်တောဝန်ကြီးဌာနက သူတို့ ဦးဆောင်လုပ်မယ်လို့ အကြောင်းပြန်ပါတယ်။ ကျနော်တို့ကတော့ အင်းလေးကန် သဘာဝ ဝန်းကျင် ကောင်းလာအောင် လုပ်နိုင်ရင် ဝမ်းသာပါတယ်”

ဒီအတောအတွင်း ဖရီဒါအဖွဲ့ကို ရန်ကုန်မြို့မှာ ခေတ်မီကုန်တိုက်တွေ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ City Mart ကုမ္ပဏီ တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ အတွက် ခြောက်လတခါ ကျပ် သိန်းတရာ၊ တနှစ်ကို သိန်း ၂ ရာ ထည့်ဝင်လှူဒါန်းသွားဖို့ ကတိပြုခဲ့တယ်လို့ ဦးအုန်းက ပြောပါတယ်။

ဖရီဒါ အဖွဲ့ကို ၁၉၉၆ ခုနှစ်မှာ တရားဝင် ထူထောင်ပြီး မြန်မာနိုင်ငံတဝှမ်းက သစ်တောထိန်းသိမ်းရေး၊ ဒီရေရောက် သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းတွေ အပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။