အနိမ့်ဆုံးလုပ်ခ ၃၆၀၀ ကျပ်သတ်မှတ်မှု နှစ်ဘက်လုံး ကန့်ကွက်မည်
2015.06.30

တစ်နိုင်ငံလုံးက အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာ တစ်ရက် ၃၆၀၀ ကျပ်နှုန်း သတ်မှတ်လိုက်တာကို အလုပ်ရှင်နဲ့ အလုပ်သမားတွေ နှစ်ဘက်စလုံးက ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
တစ်ရက်လုပ်ခလစာ ကျပ် ၃၆၀၀ နှုန်း သတ်မှတ်ကြောင်းနဲ့ အဲဒီသတ်မှတ်ချက်အပေါ် ကန့်ကွက်နိုင်ကြောင်း ဒီကနေ့ထုတ် အစိုးရသတင်းစာတွေထဲမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ ကို မပေးနိုင်တဲ့အတွက် ကန့်ကွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ရှင်များအသင်းအဖွဲ့ဝင် ဦးခင်မောင်အေးက ပြောပါတယ်။
"ညှိနှိုင်းစဉ်တလျှောက်မှာလည်း ကျနော်တို့ကန့်ကွက်နေတာပဲလေ၊ ဘာဖြစ်လို့လဲဆိုတော့ စက်ရုံတော်တော် များများက ပေးနိုင်မည်မထင်ဘူးလေ၊ ၈၅ ရာခိုင်နှုန်းလောက် မကိုက်နိုင်ဘူးလို့ ကျနော်တို့ယူဆတယ်၊ ၁၅ ရာခိုင်နှုန်းလောက် ရပ်တည်နိုင်မယ်လို့ ယူဆတယ်"
အလုပ်သမားတွေဘက်က တစ်ရက်လုပ်ခလစာ သတ်မှတ်ချက်ဟာ နည်းတဲ့အတွက် ကန့်ကွက်သွားမယ်လို့ ပြော ပါတယ်။ အဲဒီနှုန်းထားဟာ အလုပ်သမား ၁၅ ဦးအောက်ရှိတဲ့ တစ်ပိုင်တနိုင်လုပ်ငန်းတွေနဲ့ အကျုံးမဝင်ဘူးလို့ သိရပါတယ်။
သတ်မှတ်ထားတဲ့ နှစ်ပတ်အတွင်း ကန့်ကွက်သူမရှိရင် အခုထုတ်ပြန်ထားတဲ့နှုန်းထားကို ၂လအတွင်း အတည်ပြုပြီး ဥပဒေအဖြစ် ထုတ်ပြန်မှာဖြစ်ပါတယ်။ ဒါ့အပြင် အနည်းဆုံးလုပ်ခလစာနှုန်းထားကို ၂ နှစ် တစ်ကြိမ် ပြင်ဆင် သတ်မှတ်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အစိုးရ၊ အလုပ်ရှင် နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေဟာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကစပြီး အနည်းဆုံးအခကြေးငွေ နှုန်းထားတစ်ခုကို သတ်မှတ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားတာ နားဆင်နိုင်ပါတယ်။