လျှပ်စစ်မီးကိစ္စ ဖမ်းဆီးခံရတဲ့ ဆရာတော်ကို ထောင်ဝင်စာ သွားတွေ့သူများ ဖမ်းဆီးခံရ
2013.03.03
ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာက လျှပ်စစ်မီးကိစ္စ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကျောင်းထိုင်ဆရာတော်ကို ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ရွာသားတချို့ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း သိရပါတယ်။
မြင်းခြံထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဆရာတော် ဦးကောသလကို ဖေဖော်ဝါရီ (၂၆ ) ရက်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့ကြတဲ့ နှစ်ကျပ်ခွဲကျေးရွာက ရွာသား (၉) ဦး ထဲက (၄) ဦးကို ရဲက ဖမ်းဆီးခဲ့ကြောင်း၊ အခုအချိန်ထိ သူတို့ကို မိသားစုနဲ့ တွေ့ခွင့် မပေးကြောင်း ရွာကျောင်း လက်ထောက်ဆရာတော်က မိန့်ကြားပါတယ်။
"သွားတွေ့တဲ့သူတွေက အဖမ်းခံရတယ်၊ အားလုံးပေါင်း ၉ ယောက်သွားတွေ့တယ်၊ သွားတွေ့တဲ့သူတွေကို ကျောက်ပန်းတောင်းက ရဲတွေက အဲ့ပတ်ဝန်းကျင်မှာ ၄ ယောက်ဖမ်းမိသွားတယ်၊ ဖမ်းမိထားတဲ့သူတွေကို ကျောက်ပန်းတောင်း ရဲစခန်းထဲမှာဖမ်းထားတယ်၊ အဲ့ ၄ ယောက်ကိုလည်း တွေ့ခွင့်မပေးဘူးခင်ဗျ၊ ဘယ်လိုဖြစ်နေလဲဆိုတော့ ရဲကိုမြင်တိုင်းကြောက်နေတဲ့ဘဝရောက်နေတာပေါ့၊ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ ဖြစ်နေတာပေါ့၊ ဒီကြားထဲ ရဲကလာရင် ထွက်ပြေးနေရတဲ့သဘောပေါ့၊ ဆရာတော်မရှိတဲ့ အချိန်မှာ ဦးပဇင်းတို့ကျောင်းကိုစောင့်ရှောက်နေရတာပေါ့၊ အာဏာပိုင်တွေက ကျောင်းကိုချိတ်ပိတ်မယ်ဆိုတဲ့ အသံတွေလဲ ကြားနေရတယ်"
ဒါ့အပြင် မနေ့က ကျောက်ပန်းတောင်းမြို့ကို ဈေးဝယ်သွားတဲ့ နှစ်ကျပ်ခွဲကျေးရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကိုလည်း အကြောင်းပြချက် တစုံတရာမပေးဘဲ ရဲက ဖမ်းဆီးပြီး စခန်းမှာ ထိန်းသိမ်းထားကြောင်း ဆရာတော်က မိန့်ပါတယ်။
ကျောက်ပန်းတောင်းမြို့နယ် နှစ်ကျပ်ခွဲကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၂၄) ရက်နေ့က ကျေးရွာ ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ တပ်ဆင်ထားတဲ့ လျှပ်စစ်မီး အစီအစဉ်ကို ဒေသခံအာဏာပိုင်တွေက ရွာသားတွေကို အသိ မပေးပဲ သူတို့အစီအစဉ်နဲ့ ပေါင်းပြီး မီးပေးတဲ့စနစ် လုပ်လိုက်တာကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ပဋိပက္ခမှာ ဒေသခံတွေကို ရဲတပ်ဖွဲ့ဝင် (၈၀) လောက်က နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့တာကြောင့် ရွာသား (၄ ) ဦး ဆေးရုံပို့ခဲ့ရပြီး ရွာကျောင်းထိုင်ဆရာတော် ဦးကောသလကိုလည်း ဖမ်းဆီး၊ ပုဒ်မ ၃၉၂ လုယက်မှုနဲ့ တရားစွဲဆိုပြီး၊ မြင်းခြံထောင်ကို ပို့ခဲ့ပါတယ်။
ဖမ်းဆီးခံနေရသူတွေနဲ့ ပတ်သက်ပြီး မကွေးတိုင်း သံဃာ့မဟာ နာယက အဖွဲ့က အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ ကြိုးစားနေသလို၊ မန္တလေးတိုင်း အမရပူရမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်နဲ့ အဖွဲ့ကလည်း မနေ့က နှစ်ကျပ်ခွဲကျေးရွာကို သွားရောက်ပြီး ရွာသားတွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။