စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး ပြည်ထောင်စုနေ့မှာ ၁၁ ပါတီ အဆိုပြု
2011.02.12

ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုကို ရုတ်သိမ်းပေးရေး အဆိုပြုချက်ကို တက်ရောက်လာတဲ့ ပါတီအားလုံးရဲ့ ကိုယ်စားလှယ်တွေက ထောက်ခံခဲ့ကြတယ်လို့ အခမ်းအနားကို ဦးဆောင် ကျင်းပသူတဦးဖြစ်တဲ့ ဒီမိုကရက်တစ် မြန်မာ DPM ပါတီ ရဲ့ ဥက္ကဋ္ဌ ဦးသုဝေ က အာအက်ဖ်အေ ကို ပြောပါတယ်။
“အဆိုပြုချက်က အာဏာရှင်အစိုးရတွေရဲ့ စနစ်တွေ မှားယွင်းတဲ့အတွက် တိုင်းပြည် ဆင်းရဲဒုက္ခ ရောက်ရတယ်၊ အဲဒီအထဲမှာမှ အမေရိကန်နဲ့ အနောက်နိုင်ငံများက Sanction တွေလုပ်တဲ့အခါကျတော့ တိုင်းပြည်လူထုဟာ ပိုပြီး ဒုက္ခတွေ ခံစားကြရပါတယ်၊ ဒါကြောင့် အဲဒီ Sanction ကို ပြည်သူ့ရှုထောင့်ကနေ ကျနော်တို့ သဘောမတူဘူး၊ ပြန်ပြီး ရုတ်သိမ်းပေးပါဆိုတဲ့ အဆိုကို ကျနော်တို့ အဆိုပြုတယ်။ ထောက်ခံကြတယ်”
အဲဒီ ပြည်ထောင်စုနေ့ အခမ်းအနားကို ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ မွန်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ ကရင် စတဲ့ တိုင်းရင်းသား ငါးပါတီ စုပေါင်း ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား ညီအကိုပါတီများ အဖွဲ့ NBF နဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ခွဲထွက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF နဲ့ ဝံသာနု NLD စတဲ့ အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ရန်ကုန်ဌာနချုပ်ရုံးနဲ့ မန္တလေးမြို့က ရုံးတွေမှာ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့ကြကြောင်း ပါတီနာယက ဦးခင်မောင်ဆွေရဲ့ ပြောပြချက်အရ သိရပါတယ်။