လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း
2012.03.30

အများက အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲတွေ ဘယ်လိုကျင်းပသွားမလဲ ဆိုတဲ့အချက်ဟာ နှစ်နိင်ငံဆက်ဆံမှု ရှေ့ရေးကို ရောင်ပြန်ဟပ်မှာ ဖြစ်ကြောင်း အမေရိကန် နိင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mark Toner က မနေ့က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
မိမိတို့ ကတော့ လာမယ့် တနင်္ဂနွေနေ့ ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတတယ်ဆိုတာ မြင်လိုပါတယ်။ ဒီအချက်ဟာ နှစ်နိင်ငံဆက်ဆံရေး တိုးမြှင့်သွားဖို့အတွက် အဓိကအချက်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မမှန်မကန်၊ မသမာမှုတွေ ရှိနေတယ်ဆိုတာ မိမိတို့ သတိထားမိပါတယ်။ အမေရိကန် နိင်ငံခြားရေးဌာနအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော် ပြောကြားခဲ့သလို မမှန်မကန်၊ မသမာမှုတွေ ရှိနေတဲ့အပေါ် စိုးရိမ်မိပါတယ်၊
ဒါတွေကို လာမဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွေကို လေ့လာသုံးသပ်ပြီး အကဲဖြတ်သွားမှာပါလို့ Mark Toner ပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲ ကြည့်ရှု့လေ့လာဖို့ အမေရိကန်အစိုးရ ကိုယ်စားလှယ် နှစ်ဦးဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မဲပေးတဲ့ အခြေအနေတွေဟာ စစ်မှန်ပြီး တရားမျှတနိုင်မှာ မဟုတ်သလို၊ ခြိမ်းခြောက်မှုတွေ အပါအဝင် ပြဿနာအမျိုးမျိုး တက်လာနိင်တယ်လို့ ပြောကြားခဲ့ပါတယ်။