ပညာရေးရန်ပုံငွေပွဲ သိန်း ၃၅ဝ ကျော် ရရှိ
2011.12.31

ရန်ပုံငွေပွဲ အမှတ်တရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်တွေ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံပါ အနီရောင်တီရှပ်ကို ကြမ်းခင်းဈေး ကျပ် သိန်း ၃ဝ နဲ့ လေလံပစ်ပါတယ်။
အဲဒီ တီရှပ်ကို ည ၈ နာရီက စပြီး စီးပွားရေးကုမ္ပဏီ ၆ ခု အပြိုင် လေလံဆွဲရာမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းတွေ တင်သွင်းတဲ့ Heavy Machinery Volvo ကုမ္ပဏီပိုင်ရှင် ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်း နဲ့ ဈေးအမြင့်ဆုံး ပေးပြီး ဝယ်ယူသွားပါတယ်။
နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာရေးက အရေးကြီးတာကြောင့် အခုလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ တဖက်တလမ်းက ပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်မိတယ်လို့ ဒေါ်မာလာဝင်းက ပြောပါတယ်။
“MCC ခမ်းမက ကျမအိမ်ရှေ့ မျက်နှာချင်းဆိုင်မှာလေ။ အမေစုလည်း ကိုယ်တင်လာပြီး တက်တက်ကြွကြွနဲ့ ရန်ပုံငွေပွဲကို အားပေးလာတယ်။ ကျမလည်း မနေနိုင်တော့ဘူး။ အထဲကိုဝင်ပြီး သွားအားပေးတယ်။ ဒီ စတိတ်ရှိုးပွဲမှာ ခဏထိုင်ကြည့်ရင်းနဲ့ ကျမ လှူချင်တယ် ဘယ်လိုလှူရမလဲ စဉ်းစားနေရင်းနဲ့ ဒီအင်္ကျီ ၂ ထည်ကို လေလံပစ်မယ်၊ တထည်ကတော့ အမေစုဆီမှာ ထားပေးမယ်၊ တထည်ကတော့ အများဆုံး လှူတဲ့လူကို ပေးမယ်ဆိုတော့ လှူကြတာ တကယ်အားရဖို့ကောင်းတယ်။ ကျမလည်း ဝင်ပါလိုက်တာပေါ့။ ပညာရေးရန်ပုံငွေ ဆိုတော့ ကျမလည်း အရမ်းလှူချင်တယ်၊ အမေစုလည်း ဝမ်းသာကျေနပ်လိမ့်မယ်လို့ မျှော်လင့်တယ်။ နောက် အနုပညာသမားတွေကိုလည်း ချစ်ခင်လေးစားတဲ့အနေနဲ့ ဒီ အင်္ကျီလေးလည်း ရတယ်ပေါ့”
ဒေါ်အောင်ဆန်းစုကြည်က ဒေါ်မာလာဝင်းကို လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာ ညစာနဲ့ တည်ခင်းဧည့်ခံပြီး အဲဒီ တီရှပ်ကို ပေးအပ်မယ်လို့ သိရပါတယ်။