နေပြည်တော်က ငလျင်ဒဏ်သင့်သူတွေ သောက်သုံးရေ ခက်ခဲနေ

နေပြည်တော်မှာ ငလျင်ဒဏ်ကြောင့် အိုးအိမ်မဲ့သွားသူတွေအပါအဝင် နေအိမ်ထိခိုက်ပျက်စီးမှု မရှိသူတွေပါ သောက်ရေ၊ သုံးရေရှားပါးနေပြီး ဒီနေ့အထိ လိုအပ်ချက်ရှိနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်အများစုမှာ လျှပ်စစ်မီး ပြန်ရနေပြီဖြစ်ပေမဲ့ ငလျင်လှုပ်ပြီးနောက် အရင်ကတူးထားတဲ့ အဝီစိရေတွင်းတွေမှာ ရေခမ်းခြောက်သွားတာ၊ ရွံနွံတွေနဲ့ ပိတ်နေတာကြောင့် သောက်ရေအအပြင် သုံးရေအတွက်ပါ အခက်အခဲ ကြုံနေရတာပါ။
လက်ရှိမှာ ရေအရင်းအမြစ် ရနိုင်တဲ့နေရာတွေကနေ ရေသယ်ကားတွေသယ်ယူပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အလှူရှင်တွေက ကူညီပေးဖြန့်ဝေပေးနေပေမဲ့ အားလုံးအတွက် မလွှမ်းခြုံနိုင်သေးဘူးလို့ ဒေသတစ်ဦးကပြောပါတယ်။
"အခုက အများစု လျှပ်စစ်မီးပြန်ရကြပြီဆိုပေမဲ့ အိမ်တွေမှာထူးတာတဲ့ အဝီစိတွင်းတွေက ရေခန်းသွားတာ စက်နဲ့ မှုတ်ထုတ်တာလည်းမရဘူးဖြစ်နေတယ်။ တချို့တွင်းတွေကတော့ ရွံ့နွံတွေပဲ ထွက်တော့တယ်။ အဲဒီနေ ရေချိုးဖို့ကိုလည်း ရေရှိတဲ့နေရာ ပိုက်ဆံပေးပြီး သွားချိုးရတာရှိတယ်။ ချက်ပြုတ်ဖို့နဲ့ အိမ်သာအတွက်ပါ သုံးရေလိုအပ်ချက်က ကြီးကြီးမားမား ရှိနေတာ။ တော်တော် အခက်အခဲဖြစ်နေကြတယ်"
နေပြည်တော်က ရေသန့်စက်တချို့လည်း ပြန်လည် လည်ပတ်ကြပြီဖြစ်လို့ အလှူရှင်တွေက ရေသန့်ဝယ်ယူပြီး သောက်ရေအတွက် ရပ်ကွက်တွေထဲအထိ လှူဒါန်းနေကြတာလည်း ရှိပါတယ်။
ငလျင်ဒဏ်သင့်သူတွေဟာ သက်ဆိုင်ရာ စုရပ်တွေမှာ ယာယီတဲတွေနဲ့ နေထိုင်တာ၊ ဆွေမျိုးနီးစပ်အိမ်တွေမှာ နေထိုင်ကြတာရှိသလို တချို့ကလည်း အိမ်ငှားနေထိုင်ကြပါတယ်။
ငလျင်ဒဏ်ခံထားရတဲ့ အပျက်အစီးတွေကို အလှူရှင်တွေရဲ့အကူအညီနဲ့ ပရဟိတအဖွဲ့အစည်းတွေက ရှင်းလင်းတာနဲ့ ကိုယ်ထူကိုယ်ထ ရှင်းလင်းနေကြတာလည်း ရှိပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း အပျက်အဆီးများတဲ့ အဆောက်အဦတွေမှာ ရှာဖွေကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။
နေပြည်တော်မှာ ငလျင်ကြောင့် လူ ခြောက်ရာကျော် သေဆုံးခဲ့ပါတယ်။ ဒီအပြင် ဝန်ကြီးဌာန၊ လမ်းတံတား၊ ဝန်ထမ်းအိမ်ယာ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အဦတွေအပါအဝင် နေအိမ်၊ အဆောက်အဦ ထောင်နဲ့ချီ ပြိုကျပျက်စီးခဲ့ပါတယ်။