ငလျင်ကြောင့် မန္တလေးမစိုးရိမ်ကျောင်းတိုက်က သံဃာ ၃၉ ပါး ပျံလွန်တော်မူ
2025.04.07
ပြင်းထန်ငလျင်ဒဏ်ကြောင့် မစိုးရိမ် ကျောင်းတိုက်ဟောင်းက သံဃာ ၁၈ ပါးပျံလွန်တော်မူပြီး လူပုဂ္ဂိုလ် ဧည့်သည် ငါးယောက်နဲ့ မစိုးရိမ်တိုက်သစ်က စာသင်သားသံဃာ ၂၁ ပါး ပျံလွန်တော်မူခဲ့တယ်လို့ ကျောင်းတိုက် နာယကဆရာတော်တွေက RFA ကို မိန့်ကြားပါတယ်။
မစိုးရိမ်တိုက်ဟောင်းက နှစ်ပေါင်း တစ်ရာကျော်က တည်ဆောက်ခဲ့တာဖြစ်ပြီး ကျောင်းဆောင် ၁၂ ဆောင်လုံး လုံးဝကြေမွပျက်စီးသွားခဲ့သလို မစိုးရိမ်တိုက်သစ်မှာလည်း ကိုးဆယ်ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မစိုးရိမ်တိုက်ဟောင်းကို လူမှုကူညီရေးအဖွဲ့နဲ့ ပြည်သူထဲက အလှူရှင် ဒါယကာ၊ဒါယိကာမတွေက ထဲထဲဝင်ဝင် လာရောက်ကူညီလှူဒါန်းကြပေမယ့် စစ်ကောင်စီအဖွဲ့ကတော့ ထိထိရောက်ရောက် လာရောက်ကူညီ ပေးခဲ့တာမျိုးမရှိဘူးလို့ ဆရာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။
"ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတာကတော့ ကိုးဆယ်ရာခိုင်နှုန်းလောက်ပါပဲ ခေတ်ကျောင်း လေးဆောင်ကလွဲရင် ကျန်တဲ့ နှစ်ပေါင်းတစ်ရာကျော်လောက်က တည်ဆောက်ထားခဲ့တဲ့ ရှေးကျောင်းဆောင်တွေအားလုံးပျက်စီးသွားခဲ့ပါတယ်။ လူမှုကူညီရေးအဖွဲ့နဲ့ ပြည်သူထဲက အလှူရှင် ဒါယကာ၊ ဒါယိကာမတွေက လာရောက်ကူညီကြပါတယ်။ စစ်အစိုးရအဖွဲ့ထဲကတော့ ဝန်ကြီးတစ်ယောက် ဘယ်သူလဲတော့မမှတ်မိတော့ဘူး။ လာကြည့်သွားတယ်ပြောတယ်။ ထိထိရောက်ရောက် လာပြီး ကူညီပေးသွားတာမျိုးတော့ မကြားမိသေးဘူး။ "
အဲဒီ မစိုးရိမ်တိုက်ကျောင်းတိုက် (တိုက်ဟောင်း) ကို လွန်ခဲ့တဲ့ ၁၁၇ နှစ်လောက်က ဒါယကာတစ်ဦးထဲ က လှူဒါန်းတည်ဆောက်ခဲ့တာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် အလှူခံမဏ္ဍပ် ပြုလုပ်သွားမယ်လို့လည်း မိန့်ပါတယ်။
မစိုးရိမ်တိုက်သစ်မှာလည်း အထပ်မြင့်ကျောင်းဆောင်ကြီး သုံးဆောင် လုံးဝပြိုကျပျက်စီးသွားပြီး ကျန်တဲ့ကျောင်းဆောင်တွေလည်း ဆက်နေထိုင်လို့မရအောင် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ စာချဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
"ကျောင်းတိုက်ပျက်စီးမှုကတော့ ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိမယ်၊ ငလျင်ကြောင့် မစိုးရိမ်တိုက်သစ် အတွင်းမှာ ထိခိုက်ဒဏ်ရာရတဲ့သူလောက်ပဲရှိပြီး သေကြေပျက်စီးခဲ့တာမျိုး မရှိခဲ့ဘူး။ တိုက်သစ်ကဆိုပြီး ပျံလွန်တော်မူခဲ့ ၂၁ ပါးက အပြင်မှာ စာမေးပွဲသွားဖြေရင် အဆောင်ပြိုကျ သွားလို့ ပျံလွန်တော်မူခဲ့တာ၊ အဲဒီမှာပဲ ဒဏ်ရာ အကြီးစားရတဲ့ ရဟန်းတော်က ၄၇ ပါးရှိတယ်၊ အခု ဆေးရုံအသီးသီးမှာ ဆက်ပြီး ကုသ ပေးနေပါတယ်"
ငလျင်ကြောင့် တိုက်သစ်က နာရီစဉ်ကြီး လုံးဝပျက်စီးသွားခဲ့ပြီး ရေဂါလံ လေးသောင်းဆန့် ရေကန်ကြီးလည်း ပျက်စီးသွားခဲ့တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။
ကျောင်းဆောင်တွေပျက်စီးသွားတဲ့အတွက် ပရိယတ္တိစာပေကို ဆက်သင်ကြားနိုင်ဖို့ ယာယီကျောင်းဆောင် လေးတွေဆောက်လုပ်ပြီး သင်ကြားပေးသွားရင်း ပျက်စီးသွားတဲ့ကျောင်းဆောင်တွေကို ဆက်လက် ပြင်ဆင်သွားမယ်လို့ မစိုးရိမ်နာယကဆရာတော်တွေက မိန့်ပါတယ်။