DVB သတင်းထောက် ထောင်တစ်နှစ် စီရင်ခံရ


2014.04.07
dvb-reporter-305.jpg DVB သတင်းထောက် ကိုဇော်ဖေကို သူ့မိသားစုနဲ့ အတူ တွေ့ရစဉ်
photo: DVB TV News Facebook

ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေနဲ့ မကွေးမြို့ခံ ကိုဝင်းမြင့်လှိုင် တို့ကို မကွေးခရိုင်တရားရုံးက ပုဒ်မနှစ်ခုနဲ့ ဒီနေ့ ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်ကြောင်း DVB က သတင်းထုတ်ပြန် ပါတယ်။

DVB သတင်းထောက်ကို အခုလို စီရင်ချက်ချတာဟာ တရားမျှတမှုမရှိကြောင်း DVB မြန်မာပြည်ရုံး တာဝန်ခံ ဦးတိုးဇော်လတ်က အခုလို ပြောပါတယ်။

"အဲတုန်းကတော့ ကျနော်ထင်တယ်၊ မြို့နယ် ပညာရေးမှူး မရှိခဲ့ဘူး၊ ရုံးအဖွဲ့မှူး ဒေါ်မြင့်မြင့်ဌေး ဆိုတာ ပြန်ပြီးမဖြေလိုဘူး၊ ပိုင်နက်ကျူးလွန်မှုရယ်၊ ဝတ္တရားနှောင့်ယှက်မှုရယ် အဲဒီ ၂ ခုနဲ့ တရားစွဲ တာပေါ့၊ ကိုဇော်ဖေက သတင်းသမား တစ်ယောက်ဖြစ်တယ်၊ ပညာသင်ဆုအကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှာ ရုံးချိန်အတွင်း သွားမေးတာဟာ ပြိုင်နက်ကျူးလွန်မှု မမြောက်ပါဘူး၊ ဝန်ထမ်းတစ်ယောက်ကို သိလိုတဲ့သတင်းအချက်အလက် ကို မေးခွင့်ရှိပါတယ်၊ ကိုဇော်ဖေကို တစ်နှစ်ချတယ်ဆိုတဲ့ဟာကို ဥပဒေကြောင်းအရရော မတရား တရားစီရင် တယ်လို့ လောလောဆယ်ယူဆပြီးတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချပြီးတော့ အမှုကိုပြန်စဉ်းစားဖို့ ကြိုးစားနေတာပေါ့"

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်သြဂုတ်လ ၂၄ရက်နေ့က မကွေးတိုင်းပညာရေးမှူးရုံးမှာ ဒေသခံလူငယ်လေးတွေ KIZUMA လို့ခေါ်တဲ့ ဂျပန်နိုင်ငံမှာ ပညာသွားရောက်သင်ကြားနိုင်မယ့် ပညာသင်ဆုအကြောင်း သတင်းကို ဗီဒီယိုမှတ်တမ်းအနေနဲ့ သွားရောက်သတင်းယူမေးမြန်းခဲ့ရာမှာ ပညာရေးမှူးရုံးက ဝန်ထမ်းတစ်ဦးနဲ့ အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဗီဒီယိုမှတ်တမ်းယူခဲ့တဲ့ သတင်းထောက်နဲ့ သူနဲ့အတူပါသွားတဲ့ မြို့ခံ ကိုဝင်းမြင့်လှိုင်ကို မကွေးတိုင်း ပညာရေးမှူးရုံးက ပိုင်နက်ကျုးလွန်မှု ပုဒ်မ ၄၄၈ ၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ တွေနဲ့ တရားစွဲဆိုခဲ့တာပါ။ အခုလို ခရိုင်တရားရုံး က ထောင်ဒဏ် အမိန့်ချမှတ်လိုက်တဲ့အတွက် မကွေးတိုင်းတရားရုံးကို အယူခံဝင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုမယ်လို့ ဦးတိုးဇော်လတ်က ပြောပါတယ်။

DVB သတင်းဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းကို  RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။