ပြင်ဦးလွင် တပ်မတော်နည်းပညာကျောင်း ဂိတ်ပေါက် ၃ ရှေ့မှာ ပေါက်ကွဲမှုဖြစ်

အေးအေးမွန်(အော်စလို)
2021.07.18

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် DSTA ရဲ့ ဂိတ်ပေါက်အမှတ် ၃ မှာ ဇူလိုင် ၁၈ ရက် ည ၈ နာရီအချိန်လောက်က ပေါက်ကွဲသံတွေကို ကြားခဲ့ရပြီးတဲ့နောက် ညကိုးနာရီအကျော်မှာ အနီးစခန်း ရဲကင်းစခန်းအနီးမှာလည်း သေနတ်တွေနဲ့ ပစ်ခတ်သံတွေကို ကြားရတယ်လို့ ပြင်ဦးလွင်မြို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့ညပိုင်းက DSTA တပ်တွင်းဈေးရောင်းဖို့ ကုန်တွေလာပို့တဲ့အချိန် အဲဒီဂိတ်ပေါက်မှာ လူတွေစုနေကြတုန်း ပေါက်ကွဲတာလို့ အမည်မဖော်လိုတဲ့ ပြင်ဦးလွင်မြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တပ်တွင်းဈေးရောင်းဖို့ ကုန်တွေလာပို့တယ်ပြောတယ်။ ကုန်တွေလာပို့ချိန် လူစုနေကြတာ၊ သိမ်းနေကြ တာလား၊ ဘာလုပ်ကြတာလဲတော့မသိဘူး။ မြင်တာတော့ ကားတစ်စီးလည်းမှောက်သွားတယ်။ ကားက ပက်လက်လန်သွားတယ်။ သုံးဆယ်လောက်တော့ရှိတယ်။ မှောက်သွားတာလား၊ ဝပ်သွားတာလားတော့ မသိရဘူး၊ ဘာလို့လဲဆိုတော့ အုပ်စုလိုက်ကြီးထဲကို ပစ်သွားတာကိုး၊ သုံးတဲ့ပစ္စည်းကလည်း အားကောင်း တယ်။ အဲဒါပြီးတော့ အနီးစခန်းဘက်ကို တပ်ကဝင်ကြမ်းတယ်။ အနီးစခန်းကို ငြိုးနေတာ။ မြို့ထဲကအဖွဲ့ တွေက မလုပ်ဘူးဆိုတာ စရဖတွေကသိတယ်။”

ပေါက်ကွဲမှုဖြစ်တဲ့ဂိတ်ဟာ စစ်တပ်အခေါ် (တနတ) ဂိတ်အမှတ် ၃ နေရာမှာဖြစ်ပြီး ပြင်ဦးလွင်-လားရှိုးအထွက် လမ်းမကြီးပေါ်မှာရှိတာပါ။

ပေါက်ကွဲသံဟာပြင်းထန်ပြီး အနီးနားကနေအိမ်တွေပါ တုန်ခါသွားတဲ့အထိဖြစ်ခဲ့သလို ဂိတ်စောင့်တာဝန်ကျ တပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရတယ်လို့ တပ်တွင်းသတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုလို့မရဘူးလို့ ပြင်ဦးလွင်မြို့က စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"တပ်က အကုန်ပိတ်လိုက်တယ်၊ အခုလက်ရှိ အစစ်အဆေးကြမ်းတယ်"

ည ၉ နာရီလောက်မှာ အနီးစခန်း ရဲကင်းစခန်းနားမှာ သေနတ်တွေနဲ့ ပစ်ခတ်သံတွေကိုလည်း ထပ်ကြား ရတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး အခုမနက်မှာတော့ ပြင်ဦးလွင်မြို့ အဓိကကျတဲ့နေရာတွေမှာ စစ်ဆေးမှုတွေ တင်းကျပ်နေ တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ပြင်ဦးလွင်ဒေသခံတစ်ဦးက ပြောပါတယ်။

"ပေါက်ကွဲမှုဖြစ်ပြီးတော့ မိနစ်ပိုင်းလောက်အတွင်း မြို့ရှောင်လမ်းတွေဘာတွေကို တပ်က အကုန်ပိတ် လိုက်တယ်၊ အခုလက်ရှိ အစစ်အဆေးကြမ်းတယ် ကိုဗစ်အတွက်မဟုတ်ဘူးပေါ့ စစ်ဆေးဆိုတာက ဆိုင်ကယ်တွေ ဘာတွေ အကုန်ဖွင့်စစ်တယ် ဘော်ဒီချက်ပါလုပ်တယ်။ ပြင်ဦးလွင် ဗျူးကော်နာနားရယ် အနီးစခန်းအဝင်ရယ်၊ ဗျူးကော်နာဆိုတာက ကျွန်တော်တို့ ပြင်ဦးလွင်အဝင် အဝိုင်းပတ်ပေါ့ ဓါတ်ဆီ ဆိုင်အကျော် အဝိုင်းပတ် အဲဒီနားမှာ တစ်နေရာစစ်တယ် အနီးစခန်းမှာ တစ်နေရာစစ်တယ်၊ ကျွန်တော်တို့ ဒီမနက် လေးနာရီ လေးဆယ့်တစ်မိနစ်မှာလည်း ပေါက်ကွဲသံနှစ်ချက်ကြားတယ် မြို့သစ်ဘက်ပေါ့ ဘာကြောင့်ဖြစ်တယ်ဆိုတာမသိရဘူး တော်တော်များများလည်းမသိကြဘူး"

မနေ့ညက ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ပြင်ဦးလွင် PDF တပ်ဖွဲ့က သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ဇူလိုင် ၁၉ အကြို အကောင် လေးဆယ်ကျော်” လို့ရေးသားထားပါတယ်။ တကယ်ပဲ ပြင်ဦးလွင် PDF တပ်ဖွဲ့ရဲ့ လက်ချက်လားဆိုတာကိုတော့ RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ပြင်ဦးလွင် PDF အဖွဲ့ရဲ့ လက်ချက်ဆိုရင်လည်း အဲဒီဂိတ်မှာ လူတွေအဲလောက်အထိ မရှိနိုင်လို့ သူတို့ရေးသား သလို လူလေးဆယ်အထိ ထိခိုက်တာမျိုး မဖြစ်နိုင်ဘူးလို့ စစ်တပ်နဲ့နီးစပ်တဲ့ ပြင်ဦးလွင်ဒေသခံက RFA ကို ပြောပါတယ်။

dsta-students.jpg
(တပ်မတော်နည်းပညာတက္ကသိုလ် DSTA သင်တန်းသားတွေကို တွေ့ရစဥ်) Photo - Wikipedia

ဒီပေါက်ကွဲမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှုးချုပ် ဇော်မင်းထွန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ပြင်ဦးလွင်မြို့မှာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် သြဂုတ်လတုန်းက DSTA တပ်အတွင်းကို TNLA တအာန်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့နဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေက လျှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ဖူးလို့ မနေ့ညက ဒီတိုက်ခိုက်မှုဟာ TNLA ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့လည်း ဒေသခံတချို့က ယူဆ နေကြပါတယ်။

ဒါပေမဲ့ TNLA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးမိုင်းအိုက်ကျော်က သူတို့နဲ့ မဆိုင်ဘူးလို့ ငြင်းဆိုပါတယ်။

"ကျွန်တော်တို့ဘက်မှာ အဲဘက်မှာ လှုပ်ရှားမှုလည်းမရှိဘူး တိုက်ပွဲဖြစ်ပွားမှုလည်းမရှိဘူး၊ လှုပ်ရှားတာ မရှိတော့ စစ်လက်နက်ပစ္စည်းတွေနဲ့ ဆက်စပ်မှုလည်းမရှိဘူး၊ အခုအနေအထားက ခန့်မှန်းရခက်တာ ပေါ့နော် ဒေသအသီးသီးမှာ ဒေသကာကွယ်ရေးတပ်တွေကော PDF တွေကောရှိတော့ အဲဒီကိစ္စတွေက ခန့်မှန်းရခက်တယ်"

သူတို့တပ်ဖွဲ့က PDF တွေကို လက်နက်တွေ ထောက်ပံ့နိုင်တာမျိုးလဲမရှိဘူးလို့ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောပါတယ်။

ပြင်ဦးလွင်မြို့ဟာ စစ်တက္ကသိုလ်တွေရှိတဲ့မြို့ဆိုပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဝင်ပြိုင်တဲ့လွှတ်တော်အမတ်တွေ အနိုင်ရခဲ့သလို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး မှာလည်း တက်ကြွစွာပါဝင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကလည်း အနီးစခန်းအနီးမှာ ပြည်သူ့ကာကွယ်ရေးပျောက်ကြားအဖွဲ့နဲ့ စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ စစ်ကောင်စီဘက်က နှစ်ယောက် သေဆုံးခဲ့ပြီး ပျောက်ကြားအဖွဲ့က နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။