ကွန်ဟိန်းနဲ့ တာချီလိတ်မှာ ကျပ်သိန်းပေါင်း ၇ သောင်းနီးပါး တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိ
2016.12.18

ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နဲ့ တာချီလိတ်မြို့တွေမှာ မနေ့က လက်နက်ခဲယမ်းတွေနဲ့ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၇သောင်းနီးပါးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ပိုင် မြဝတီသတင်းစာက ဒီနေ့ ဖော်ပြ ထားပါတယ်။
တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းထားတဲ့အဖွဲ့ဟာ ကွန်ဟိန်းမြို့နယ်မှာ မော်တော်ယာဉ်တွေကို ရှောင်တခင် စစ်ဆေးရာမှာ ယာဉ်တစ်စီးပေါ်ကနေ ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၆သောင်းနီးပါး တန်ဖိုးရှိတဲ့ ဘိန်းဖြူ ၊ ဘိန်းမဲနဲ့ အိုက်စ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။
အလားတူ တာချီလိတ်မြို့က "ကျော်" ကုန်စည်ပို့ဆောင်ရေး ဂိုဒေါင်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ ဘိန်းဖြူ ၊ ကဖင်း နဲ့ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သေနတ်မျိုးစုံ ၁၀ လက်၊ RPG ဗုံးသီးတစ်လုံး၊ ကျည်မျိုးစုံ တစ်ထောင်ကျော်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ ဂိုဒေါင်ပိုင်ရှင်ရဲ့ သရက်ခြံကို ဝင်ရောက်ရှာဖွေရာမှာလည်း စိတ်ကြွဆေးမှုန့်နဲ့ ကဖင်းတွေ တွေ့ရှိခဲ့သလို ထိုင်းဘတ်ငွေ ၈သောင်းနဲ့ မြန်မာကျပ်ငွေ ၁၅ သိန်းတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ အမှုနဲ့ ဆက်စပ်သူတွေကို ဖမ်းမိစေဖို့ ဆက်လက်ဆောင် ရွက်နေတယ်လို့လည်း မြဝတီသတင်းစာမှာ ဖော်ပြထားပါတယ်။