ကလောမှာ သိန်း ၄ သောင်းနီးပါးတန်ဖိုးရှိ WY ဆေးပြားတွေဖမ်းမိ


2016.06.26

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ရေယားကျေးရွာနဲ့ ရေယောင်းမကျေးရွာအကြား ပြည်ထောင်စု လမ်းမကြီးမှာ WY စာတန်းပါ စိတ်ကြွဆေးပြားပေါင်း ၁ဝ သိန်းကျော် ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၄ သောင်းနီးပါးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီမူးယစ်ဆေးတွေကို ရှမ်းပြည်နယ်ကနေ မွန်ပြည်နယ် မော်လမြိုင်ဘက်ကို သယ်ဆောင်တာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ် အောင်အောင်က ပြောပါတယ်။

"မူးယစ်ဆေးဝါးက WY ဆေးပြား ၁ဝ သိန်းမိတယ် အပြားပေါင်း ၁ဝ သိန်း၊ သတင်းအရပါပဲ ကျနော် တို့ တောင်ကြီးကထွက်လာတဲ့ကားပေါ့ အဲ့ဒါကို ကျနော်တို့ ပူးပေါင်းအဖွဲ့နဲ့ ကလောနဲ့ ရေယားကြား မှာ စောင့်နေကြတော့ ကားနောက်ခန်းမှာပါတယ်ပေါ့နော်၊ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၂ ယောက်ကတော့ ပဲခူးကပေါ့၊ အမျိုးသမီးကတော့ ရန်ကုန်က၊ စစ်ဆေးချက်အရတော့ မော်လ မြိုင်ဘက်ကိုသွားမယ်လို့ သိရတယ်၊ တောင်ကြီးမှာ တဆင့်ခံပေါ့၊ ရှမ်းတောင်ဘက်ကနေ အမျိုးသမီး ၁ ယောက်နဲ့ ကား ၁ စီးနဲ့လာပို့တယ်၊ သူတို့ကားနဲ့ဆုံပြီးတော့မှ ဟိုဘက်က အမျိုးသမီးစီးလာတဲ့ ကားပေါ်ကနေ ဒီကားပေါ်ပစ္စည်းတွေ ပြောင်းတယ်လို့သိရတယ်"

စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရရှိတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှု၊ သယ်ယူပို့ဆောင်မှုတွေနဲ့ တောင်ကြီးရဲစခန်းမှာ ဖမ်းဆီးအရေးယူထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအမှုတွေထဲမှာ ဒီတစ်ကြိမ်ဖမ်းဆီး ရမိတာဟာ အများဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။