မူးယစ်ဆေး ဘတ်ငွေ ၅ သန်းခွဲဖိုး မယ်ဆိုင်မှာမိ


2016.07.27

မြန်မာနိုင်ငံဘက်ခြမ်းကနေ မူးယစ်ဆေးဝါးတွေ သယ်ယူလာတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းဘတ်ငွေ ၅ သန်းခွဲကျော်တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးပြားတွေနဲ့ အတူ ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့မှာ ဇူလိုင်လ ၂၆ ရက်နေ့ မနေ့ညနေပိုင်းက ထိုင်း မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ရှမ်းလူမျိုးနှစ်ဦးထံကနေ စိတ်ကြွမူးယစ်ဆေးပြား နှစ်သိန်းနှစ်ထောင် ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ် အရာရှိတစ်ဦးက RFA ကို ထိုင်းဘာသာစကားဖြင့် အခုလို အတည်ပြု ပြောဆိုပါတယ်။

"သူတို့ကို သွေးဆောင်ဖြားယောင်ပြီး မူးယစ်ဆေးဝါးတွေကို ထိုင်းဘတ်ငွေ ၅ ဒသမ ၅ သန်း နဲ့ ဝယ်ယူခဲ့ရာမှာ အခုလို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်၊ စိတ်ကြွမူးယစ်ဆေးပြားတွေကတော့ ဆေးပြား ပေါင်း နှစ်သိန်းကျော် ကို မနေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်၊ မြန်မာဘက်ခြမ်းကနေ သယ်ယူ လာချိန်မှာ မယ်ဆိုင်မြို့မှာ ဖမ်းဆီးရမိခဲ့ တာဖြစ်တယ်၊ သူတို့ဟာ မြန်မာနိုင်ငံသား ရှမ်းလူမျိုးတွေပါပဲ" လို့ ပြောသွားတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသားတွေကတော့ အသက် ၃၆ နှစ်အရွယ် ရှမ်းလူမျိုး နန်းဆောင်ငင်းဆိုသူနဲ့ အသက် ၃၁ နှစ်အရွယ် ရှမ်းလူမျိုး စိုင်းစိုင်းစိုး ဆိုသူတွေ ဖြစ်ကြပြီး မြန်မာနိုင်ငံ တာချီလိတ် ဘက်ခြမ်းကနေ ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ထွက်ခွင့်လက်မှတ်နဲ့ ကူးလာသူ တွေဖြစ်တယ် လို့လည်း သိရပါတယ်။

သူတို့ကို ထိုင်းမူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်နေပြီး ထိုင်းနိုင်ငံရဲ့ တရားဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။