မြန်မာမှာ ဘိန်းအထွက် ပိုတိုးမည်

ကမ္ဘာ့နံပါတ်(၁) ဘိန်းအထွက်ဆုံး အာဖဂန်နစ္စတန် နိုင်ငံမှာ မနှစ်က ဘိန်းပင်တွေ ပိုးကျတာကြောင့် ဒီနှစ်မှာ ဘိန်းထွက်နှုန်း လျှော့ကျသွားနိုင်တယ်လို့ ခန့်မှန်းနေချိန်မှာပဲ ၊ မြန်မာ နိုင်ငံ မှာတော့ ဒီနှစ် အတွက် စိုးရိမ်ဖွယ် ကောင်းလောက်အောင် ဘိန်းပိုထွက်ဖို့ ရှိတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီက မနေ့က သတိပေး ပြောကြားပါတယ်။

2011.06.24
opium-poppy-305.jpg ဘိန်းပင်များကို လုပ်အားပေးတစ်ဦး ဖျက်ဆီးနေသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။
(Photo: AFP)

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာရုံး UNODC အဖွဲ့ကတော့ မြန်မာနိုင်ငံဟာ အဓိက ဘိန်းဖြူ ထုတ်လုပ်တဲ့ နိုင်ငံ အဖြစ်ကို ပြန်ရောက်လာတယ်လို့ ပြောဆိုလိုက် ပါတယ်။

ဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းစိမ်း ထွက်ရှိမယ့် အနေအထားနဲ့ ပတ်သက်ပြီး ပြီးခဲ့ နှစ်ပိုင်းက ရာသီဥတု အအေးလွန်ပြီး ခြောက်သွေ့ခဲ့ပေမဲ့ မနှစ် ၂၀၁၀-၁၁ ရာသီမှာ ရာသီဥတု ကောင်းမွန်လာခဲ့တဲ့ အတွက် ဘိန်းအထွက် များလာကြောင်း မြန်မာပြည် ဘိန်းထုတ်လုပ်မှုကို အစဉ်တစိုက် လေ့လာ စောင့်ကြည့်နေတဲ့ ရှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက RFAကို ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်က ဘိန်းစိုက်ဧရိယာ ၂၀% တိုးလာခဲ့ပြီး ဘိန်းစိမ်း ထုတ်လုပ်မှုကတော့ ၂၀၀၇ ခုနှစ်က ဆိုရင် ကမ္ဘာ့ဈေးကွက် လိုအပ်ချက်ရဲ့ ၅% တိုးလာသလို၊ ၂၀၁၀ တုန်းကလည်း ၁၂% တိုးမြင့်လာခဲ့ကြောင်း UNODC အဖွဲ့က ပြောပါတယ်။ ကမ္ဘာ့ ဘိန်းစိမ်း ဈေးကွက်မှာ ဖြန့်ဖြူးရောင်းချတဲ့ ပမာဏဟာ တနှစ်ကို အမေရိကန် ဒေါ်လာ (၆၈) ဘီလျံဖိုး ရှိကြောင်း သိရပါတယ်။

ကမ္ဘာပေါ်က လက်နက်ကိုင် တပ်ဖွဲ့တွေ ဝင်ငွေရှာတဲ့ အနေနဲ့ ထုတ်လုပ်လိုက်တဲ့ တရားမဝင် မူးယစ် ဆေးဝါး သုံးစွဲမှုကြောင့် ကမ္ဘာ့ လူဦးရေ နှစ်သိန်း နီးပါး နှစ်စဉ် သေဆုံးနေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းအပါဝင် မူးယစ်ဆေး ထုတ်လုပ်မှု ဒီနှစ်အတွင်း ဘာကြောင့် ပိုတိုးလာရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး RFAအဖွဲ့သား ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။