မူးယစ်ဆေးဖမ်းတဲ့ ရဲကို သေနတ်နဲ့ ပစ်ခတ် ထွက်ပြေး


2017.09.07
drug-seller-weapon-622 ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းချတဲ့အိမ်က သိမ်းဆည်းရမိတဲ့ လက်နက်တွေကို တွေ့ရစဉ်
ဓါတ်ပုံ - ကိုနေ (သီပေါ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပန်ပေါင်းကျေးရွာမှာ နေအိမ်တစ်အိမ်မှာ  မူးယစ်ဆေးဝါးရောင်းချနေတယ်လို့ သတင်းရတဲ့အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာမှာ မူးယစ်ဆေးဝါးရောင်းချသူက သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတယ်လို့  ကျောက်မဲမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဟန်ဝင်းလှိုင်က ပြောပါတယ်။

ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်က သတင်းရထားတဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ မူယစ်ဆေး ဝါးရောင်းချသူကတော့ ရဲတပ်ဖွဲ့ကို သေနတ်နဲ့ပစ်ခတ်ပြီး တောထဲကို ထွက်ပြေးသွားတယ်လို့ ဒုတိယရဲမှူး ဟန်ဝင်းလှိုင်က ပြောပါတယ်။

"သတင်းပေးကနေ သတင်းပေးတဲ့အခါကြတော့ သူကလက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကားနေတာလေ၊ ကျနော်တို့ သူ့ခြံအနီးနားလေး အရောက်ပဲရှိသေးတယ်၊ သူက အဲ့မှာ တပ်နဲ့ ရဲ လာတာကို သိတဲ့အခါ အိမ်နောက်ဖေးကနေ ပစ်ခတ်ပြီး ထွက်ပြေးတာပေါ့၊ နောက်က တပ်ကအဖွဲ့က လိုက်တဲ့အခါ လိုက်လို့မရတော့ဘူး၊ တောထဲထိ ထွက်ပြေးတယ်"

အဲဒီ နေအိမ်ကနေ မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်ပတ်လည်မှာလည်း လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်အတွင်းကနေ ဗုံးသီး တစ်လုံး၊ ဒူးလေးသေနတ် တစ်လက် ၊ တူမီးသေနတ် ကိုယ်ထည်တစ်ခု၊ ဒူးလေးသေနတ် ခဲဖူး ၁၇ ချောင်းနဲ့ စကားပြောစက် နှစ်ခု၊ စိတ်ကြွဆေးပြား ၁၇၇ ပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျောက်မဲမြို့မရဲစခန်းက သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားသူကိုတော့ လက်ရှိမှာ မူးယစ် ပုဒ်မ၊ လက်နက်ပုဒ်မ စုစုပေါင်း ပုဒ်မ ၄ ခုနဲ့ ကျောက်မဲမြို့နယ် ရဲစခန်းမှာအမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။