နမ့်စန်က မူးယစ်ဆေးချက်နေရာ သုံးခု ရှာဖွေတွေ့ရှိ၊ သံသယရှိသူတွေကို စစ်ဆေးနေ


2019.08.24
drug-arrest-622.jpg ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးချက်လုပ်တဲ့နေရာတစ်ခုကို ၂ဝ၁၉ သြဂုတ် ၂၃ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်သားတွေဟာ သြဂုတ် ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ မူးယစ်ဆေးချက်လုပ်ရာနေရာ သုံးခုကို တွေ့ရှိခဲ့ပြီး ဘိန်းဖြူ၊ စိတ်ကြွဆေး၊ ဘိန်းမဲ အစရှိတဲ့  မူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ရှမ်းပြည်နယ်တောင်ပိုင်းက နမ့်စန်မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို ပိုင်ရှင်မဲ့ ဖမ်းဆီးမိ ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးမိတဲ့အထဲမှာ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆေးချက်ပစ္စည်းတွေ ဖြစ်တဲ့ ဆေးမွှေ စက်၊ မီးစက်၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ်တွေနဲ့ မော်တော်ကားတွေ ပါဝင်ပါတယ်။

မူးယစ်ဆေးတွေကတော့ ဘိန်းဖြူမှုန့်၊ ဘိန်းမဲရည်၊ WY စိတ်ကြွဆေးပြားအမှုန့်နဲ့ ဆေးပြား စတာ တွေပါ။

လက်ရှိမှာ တွက်ချက်ထားချက်အရ ဖမ်းဆီးမိတဲ့အထဲက စိတ်ကြွဆေးပြားတင်အလုံးရေ ၅၃ သိန်း ခန့်ရှိပြီး ကာလတန်ဖိုးအားဖြင့် မြန်မာငွေကျပ် ၁၀.၅ ဘီလီယံ ကျော်ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မူးယစ်ဆေးဝါးချက်လုပ်ရေးစခန်းကနေ တိမ်းရှောင်လာသူတွေလို့  သံသယရှိသူ ၃၉ ဦး ကို သြဂုတ်လ ၂၃ ရက်နေ့မှာ နမ့်စန်မြို့နယ်အတွင်းက ပန်ကေတု၊ ဝမ်ဖွန်းနဲ့ မက်လန်းကျေးရွာတွေမှာ တပ်မတော် က ဖမ်းဆီးရမိပြီး လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ပူးပေါင်းပြီး စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တပ်မတော်က ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေး ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"ဒါတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပါတယ်။ တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ သူတို့ချည်း ဖော်ထုတ်ဖို့မလွယ်ဘူး။ မြို့ပေါ်မှာဆိုရင်တော့ လွယ်တယ်။ မြို့နဲ့မနီးတဲ့ စစ်ဆင်ရေးလိုနေရာတွေမှာ ကျနော်တို့က တပ်ကနေ သတင်းအရ ဆောင်ရွက်ရတာရှိတယ်။ တချို့နေရာတွေမှာ တပ်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရတာ ရှိတယ်"

ရှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေများတာကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို ရဲတပ်ဖွဲ့က ထိန်းချုပ်နိုင်စွမ်းအားနည်းပြီး အရပ်သား အစိုးရ ပြောင်းလဲလာပြီးနောက်မှာလည်း မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းချ၊ သုံးစွဲမှုတွေဟာ နည်းပါး မသွားဘူးလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့က ထောက်ပြကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့စစ်တွေဟာ မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

"မြို့နယ်တိုင်းမှာ ပြည်သူ့စစ်တို့ လက်နက်ကိုင်တို့ ရှိနေတဲ့အချိန် ပါဝင်ပတ်သက်မှုလည်း ရှိနေတဲ့ အချိန်ကျတော့ အစိုးရဘက်ပိုင်းလည်း တော်တော် လုပ်ရကိုင်ရခက်တယ်။ တရားဥပဒေ စိုးမိုးမှုရှိတဲ့ ရပ်ကွက်တွေမှာတောင် ပေါများနေတယ်။ မနိုင်ဘူးဗျ။ တရားရုံးမှာ ကျနော်တို့ လေ့လာကြည့်သလောက် ရာဇဝတ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကျော်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေဖြစ်နေတယ်။ မူးယစ်ဆေးဝါးလုပ်တဲ့ အကြီးစားပုဂ္ဂိုလ်တွေက လက်နက်ကိုင်နဲ့ ဆက်နွယ်မှုရှိနေတဲ့ အခါကျတော့ ဘယ်လိုမှ ဆောင်ရွက်လို့ မရဘူး"

တပ်မတော်က သြဂုတ်လ ၂၃ ရက်နေ့က နမ့်စန်မြို့နယ်အတွင်းက နောင်ပိန်းကျေးရွာမှာ မူးယစ် ဆေးဝါးတွေ ဖမ်းဆီးမိရာမှာ သေနတ်၊ ကျည်တွေနဲ့ လက်ပစ်ဗုံးတွေပါ တပါတည်း ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

WY စိတ်ကြွ ဆေးပြားတွေထည့်ထားတဲ့ ဆာလာအိတ် ၂၇ အိတ်၊ မူးယစ်ဆေးဝါး ရိုက်စက် လေးလုံး၊ ဂက်စ်အိုး အလုံး ၆၀၀၊ ပွိုင့် ၂၂ သေနတ် တစ်လက်နဲ့ ကျည်အိမ် တစ်ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၄၆ လုံး၊ ၇ ဒသမ ၆၂ ကျည် ၃၆၀ တောင့်၊ မော်တော်ယာဉ် လေးစီးနဲ့ မူးယစ်ဆေးချက်ရာမှာ အသုံးပြုတဲ့ ပစ္စည်း တွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းလုံက မူးယစ်ဆေးဝါးတွေဟာ ကျိုင်းတုံ၊ တာချီလိတ်တို့ကနေ စီးဝင်လာတာတွေရှိတယ်လို့ ပြောပါတယ်။

မှတ်ချက် - ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းလုံကို သြဂုတ် ၂၄ ရက်နေ့က RFA က ဆက်သွယ်မေးမြန်းရာမှာ - PNO ပြည်သူ့စစ်အဖွဲ့က မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်နေတဲ့ သဘောမျိုး RFA ကို ဖြေကြားခဲ့ပေမယ့် အဲဒီအချက်ဟာ မှားယွင်းယူဆချက်သာဖြစ်တဲ့အကြောင်း စိုင်းလုံက RFA ကို ပြန်လည်ဆက်သွယ်လာတဲ့အတွက် ပယ်ဖျက်ထားပါတယ်။ မှားယွင်းပြောဆိုခဲ့တဲ့အတွက် စိုင်းလုံအနေနဲ့လည်း PNO ပြည်သူ့စစ်အဖွဲ့ထံ ဝန်ခံတောင်းပန်ပြီးဖြစ်ပါတယ်။

မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပြည်သူ့စစ်တွေက ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုချက် တွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြည်သူ့စစ်အဖွဲ့တွေ ပါဝင်ပတ်သက်တာတွေရှိနိုင်ပြီး ဒါတွေကို စစ်ဆေးဆောင်ရွက်နေကြောင်းနဲ့ ပတ်သက်မှုတွေရှိရင် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးပပျောက်ရေးကိစ္စနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်လွှတ်တော်အတွင်း ဝေးလံခေါင်သီ ဒေသတွေမှာ ဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးနိုင်ရေးအတွက် အစိုးရကဖြစ်စေ နိုင်ငံတကာ အဖွဲ့အစည်းတွေကဖြစ်စေ ကူညီဆောင်ရွက်ပေးရေး အဆိုကို တင်သွင်းခဲ့ရာမှာ အဆိုအောင်မြင်ခဲ့ တာရှိခဲ့ပါတယ်။

အဆိုနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှုးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းလင်းမြတ်က

"အဲ့အဆိုလည်း အောင်တာတော့ရှိတယ်။ အဲ့ဒါအစိုးရက ဘယ်လိုလုပ်ဆောင်နေလဲဆိုတာတော့ မေးခွန်းပြန်ထုတ်ရမှာပေါ့။ မူးယစ်ဆေးဝါးသီးသန့်ဆိုတာတော့ ပြောတာဆိုတာ မရှိဘူး။ ပျားလိမ္မော်စိုက်ရမယ်။ လက်ဖက်စိုက်ရမယ် ဒီလိုမျိုးမဟုတ်ဘူး။ ဘိန်းအစားထိုးသီးနှံစိုက်ဖို့ တိုက်တွန်းကြောင်း အဆိုပေါ့"

တပ်မတော်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ဘိန်းဖြူ၊ ဘိန်းဘိမ်း၊ ဘိန်းမဲ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်နဲ့ အခြားမူးယစ်ဆေးဝါး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇ ဒသမ ၈၅ ဘီလီယံဖိုး ဖမ်းဆီးရမိထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်ရှင်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။