ဒေါက်တာ ဝါကာအူဒင် အတွက် ဝမ်းနည်းကြောင်း NUG နဲ့ AA တို့ ထုတ်ပြန်

2022.05.01
ဒေါက်တာ ဝါကာအူဒင် အတွက် ဝမ်းနည်းကြောင်း NUG နဲ့ AA တို့ ထုတ်ပြန် ရိုဟင်ဂျာအရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါက်တာ ဝါကာအူဒင်ကို တွေ့ရစဉ်
Photo: Arakan Rohingay Union

ရိုဟင်ဂျာအရေးလှုပ်ရှားသူ၊ လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါက်တာ ဝါကာအူဒင် ကွယ်လွန် ခဲ့တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ရက္ခိုင့်တပ်တော် AA တို့က ဝမ်းနည်းကြောင်း မေလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ကြပါတယ်။

အသက် ၆၈ နှစ်အရွယ် ဒေါက်တာ ဝါကာအူဒင်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်က လူကြီး ရောဂါနဲ့ အမေရိကန်နိုင်ငံမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ဝါကာအူဒင်ဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှု ကျုးလွန်တာတွေကို ကမ္ဘာသိအောင် လုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဒီအတွက် လူနည်းစု ရိုဟင်ဂျာတွေအတွက်သာမက လူမှုအသိုင်းအဝန်းတစ်ခုလုံးအတွက် စံနမူနာအဖြစ် အမှတ်ရနေမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် (AA/ULA) ကလည်း ရခိုင်ပြည်နယ်တွင်းက အသိုက်အဝန်းတွေကြားမှာ သဟဇာတဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေပြီး ဒီလိုအချိန်မှာ ဒေါက်တာ ဝါကာအူဒင် ကွယ်လွန်တာက ဆုံးရှုံးမှု ကြီးမားခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒေါက်တာ ဝါကာအူဒင်ဟာ ၁၉၅၄ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံ၊ Pennsylvania State University ရဲ့ ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာပြုလုပ်တဲ့ မြန်မာ့ တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဘယ်လိုအရေးယူဆောင်ရွက်သင့်လဲဆိုတဲ့အကြောင်း ဆွေးနွေးပွဲမှာ ဒေါက်တာ ဝါကာအူဒင် က မြန်မာနိုင်ငံထဲမှာ တပ်မတော်က ကျူးလွန်ထားတဲ့ဖြစ်ရပ်တွေကို သက်သေအနေနဲ့ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။