လက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းလုံခြုံရေးကို ခြိမ်းခြောက်နေ


2019.03.21
dr-tinmyowin-622.jpg ဒေါက်တာတင်မျိုးဝင်း ကို ၂၀၁၉ မတ် ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာတွေ့ရစဉ်
Photo: NRPC FB

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့အစည်းအတွေ အခြေချဖို့ ကြိုးစားတာဟာ ငြိမ်းချမ်းလုံခြုံရေးကို ခြိမ်းခြောက် တာဖြစ်တယ်လို့ NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က ပြောလိုက်ပါတယ်။

NCA အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိသူတွေ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ ဒေါက်တာတင်မျိုးဝင်းက ပြောကြားခဲ့တာပါ။

နှစ်ပေါင်း ၇၀ကျော် ကြာမြင့်ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ သင်ခန်းစာနဲ့ လက်ရှိ ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ အခြေအနေဟာ လက်နက်ကိုင်ပြီး အခွင့်အရေးတွေ တောင်းဆိုနေမယ့်အစား နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ဖို့ ဖိတ်ခေါ်လိုကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

အေအေက အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီးကျော်ဟန်ကတော့ ရခိုင်ပြည်ကို ရခိုင်တပ်မတော်ကသာ လုံခြုံအေးချမ်းဖို့ ဖွံ့ဖြိုးဖို့ တာဝန်ယူနိုင်မှာ ဖြစ်တယ်လို့ ခံယူထားကြောင်းနဲ့ စေတနာမှန်မှန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်သွားရင် တိုက်ပွဲတွေ ကျဆင်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

NCA လက်မှတ်ထိုးဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စိုးရိမ်စိတ်တွေ၊ အခက်အခဲတွေရှိရင် ပွင့်ပွင့်လင်းလင်း ပြောစေလိုတယ်လို့လည်း ဒေါက်တာတင်မျိုးဝင်းက မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေရဲ့ အခြေခံဇစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင် အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပဲဖြစ်ပြီး ဘယ်လို ဖက်ဒရယ်လဲဆိုတာကိုတော့ အားလုံးက ဝိုင်းဝန်းပုံဖော်ပေးကြရမှာပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို FPNCC အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ဒုတိယဥက္ကဋ္ဌ ၂ စဝ်ခွန်ဆိုင် ၊ UWSA “ဝ” အဖွဲ့က မြောက်ပိုင်း မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဦးအားမင်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုကော်မတီဝင် ဦးဘရန်နန်၊ AA ရခိုင်အဖွဲ့က အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီးကျော်ဟန်နဲ့ UNFC အဖွဲ့က KNPP ဗဟိုကော်မတီဝင် ခူတော်ရယ် စတဲ့သူတွေ တက်ရောက်ခဲ့ပါတယ်။

နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပတဲ့ NCA အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့  NRPC တာဝန်ရှိသူတွေ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ ဒေါက်တာ တင်မျိုးဝင်းက ပြောကြားလိုက်တာဖြစ်ပါတယ်။

"ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ မည်သည့်အဖွဲ့ကို လက်ခံသည်၊ လက်မခံသည် ဆိုတဲ့ သဘောကြောင့် ဖြစ်ပွားနေခြင်း မဟုတ်ပါဘူး ။ ရခိုင်ပြည်နယ်ဟာ အဖြူရောင်နယ်မြေဖြစ်ပါတယ်။ အဖြူရောင် နယ်မြေကို လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေချဖို့ကြိုးစားခြင်းဟာ ငြိမ်းချမ်းလုံခြုံရေးကို ခြိမ်းခြောက်မူဖြစ်တဲ့ အတွက် အစိုးရဘက်က ထိုက်သင့်တဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေကို ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ် ဆိုတာ နားလည်သဘောပေါက်ဖို့ကို လိုအပ်ကြောင်း တင်ပြလိုပါတယ်။"

NCA လက်မှတ်ထိုးဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စိုးရိမ်စိတ်တွေ၊ အခက်အခဲတွေရှိရင် ပွင့်ပွင့်လင်းလင်း ပြောစေလိုတယ်လို့လည်း ဒေါက်တာ တင်မျိုးဝင်းက မေတ္တာရပ်ခံ တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်ကို ရက္ခိုင့်တပ်မတော်ကသာ လုံခြုံအေးချမ်းဖို့ ဖွံ့ဖြိုးဖို့ တာဝန်ယူနိုင်မှာ ဖြစ်တယ်လို့ ခံယူထားကြောင်း အေအေက အတွင်းရေးမှူး၁ ဗိုလ်မှူးကြီးကျော်ဟန်က အခုလိုပြောပါတယ်။

"ကျနော်တို့ ရခိုင့်တပ်မတော်ကို ရခိုင်ပြည်မှာ တည်ရှိနေမှုကို တပ်မတော်ဘက်က လက်မခံတဲ့သဘောလို့ ကျနော်တို့ နားလည်တယ်လေ။ ဒါပေမဲ့ ကျနော်တို့ရခိုင်တွေအဖို့ ရခိုင့်ပြည်မှာ ရခိုင်တပ်မတော် တည်ရှိရေးဟာ ကျနော်တို့ ULA ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်။ ရခိုင်ပြည်သူကို ရခိုင်တပ်မတော်ကပဲ လုံခြုံအေးချမ်းဖို့၊ ဖွံ့ဖြိုးဖို့အတွက် တာဝန်ယူနိုင်မှာဖြစ်တယ်လို့ ခံယူထားတဲ့အတွက် ကျနော်တို့ဟာ ကျနော်တို့ လုပ်သင့်လုပ်ထိုက် တဲ့အရာကို လုပ်နေတာဖြစ်တယ်။ အခုလည်း ကျနော်တို့ ရခိုင်ပြည်နယ်မှာ တာဝန်ယူနေပြီဖြစ်တယ်။"

ဒီကနေ့ဆွေးနွေးပွဲမှာ နှစ်ဖက်ညှိနှိုင်းတာ တိုးတက်မှုတွေရှိပြီး တွေ့ဆုံဆွေးနွေးပွဲတွေ မကြာခဏ ထပ်လုပ်ဖို့ သဘောတူညီချက်တွေရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သတ်ပြီး နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

"ဆိုလိုတာက ဒီတပ်ဖွဲ့တွေ ဘယ်တပ်ဖွဲ့တွေ ဘယ်နေရာမှာ ရှိသင့် မရှိသင့် ဆိုတာအပေါ် ဖြစ်တာမဟုတ်ဘူး၊ အဓိကက ခုဖြစ်နေတဲ့ ပြဿနာက ဒေသခံပြည်သူတွေ အတိဒုက္ခရောက်စေတဲ့ ပြဿနာ အဲလိုမျိုး အဖြူရောင်နယ်မြေ ဥပမာ မြောက်ဦးတို့ ဘာတို့ဆို တကယ့် ကမ္ဘာ့လှည့်ခရီးသည်တွေ လွတ်လွတ်လပ်လပ်ပေါ့ သွားလာခဲ့တဲ့နေရာတွေ၊ ဒီနေရာတွေမှာ တိုက်ပွဲက ကျယ်ပြန့်လာတဲ့သဘောဖြစ်တော့ ဒီအပေါ်မှာလည်း အစိုးရက လုပ်သင့်လုပ်ထိုက်တာလုပ်မှာဖြစ်ပါတယ်။"

ဒါ့အပြင် အေအေနဲ့ ပတ်သတ်ပြီး တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဖွင့်ထားသလို ဒေသတည်ငြိမ်ရေးအတွက် အစိုးရတရပ်လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ရွက်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒီကနေ့ဆွေးနွေးပွဲရလဒ်အဖြစ် အချက်ငါးချက်က ထုတ်ပြန်ရာမှာ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ လျှော့ချနိုင်ဖို့ ဆက်လက်ညှိနှိုင်းရန်၊ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူအရေးကို နှစ်ဖက်လုံးက အလေးထားဖို့အချက်တွေ ပါဝင်ပါတယ်။

NRPC နဲ့ တွေ့ဆုံပြီးရင် တပ်မတော်က တဖွဲ့ချင်းတွေ့ဖို့ ဖိတ်ခေါ်ထားပေမယ့် အဖွဲ့လိုက်သာဆွေးနွေးမယ်လို့ ပြောကြားထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား အလွတ်သဘောတွေ့ဆုံမှုတွေရှိနိုင်တယ်လို့ ဒီကနေ့ တက်ရောက်လာသူအချို့က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။