ဒေါက်တာ အမ်ကောန်လ မြစ်ကြီးနားမှာ ထပ်မံ တရားရင်ဆိုင်နေရ

2022.05.10
ဒေါက်တာ အမ်ကောန်လ မြစ်ကြီးနားမှာ ထပ်မံ တရားရင်ဆိုင်နေရ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကို တွေ့ရစဉ်
Photo: Citizen Journalist

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးကနေ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် နှစ်နှစ် အမိန့်ချခံထားရတဲ့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လ ဟာ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ၅၀၅ (က) နဲ့ပဲ ထပ်မံ တရားရင်ဆိုင် နေရတယ်လို့ KNC ပါတီဝင်တွေက ပြောပါတယ်။

နေပြည်တော်ထောင်ကနေ မြစ်ကြီးနားမြို့မရဲစခန်းကို မေလ ၉ ရက် မနေ့က လေယာဉ်နဲ့ ရောက်လာတာလို့ KNC ပါတီ ပြောခွင့်ရသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုက မြစ်ကြီးနားမြို့မ ရဲစခန်းမှာပဲ။ ဒီမှာလည်း ၅၀၅ (က) နဲ့ပဲ။ ဒီနေ့တော့ တရားခံ လွှဲပြောင်းလုပ်ဖို့ ရုံးချိန်းရှိတယ်။ ၅၀၅ (က) နဲ့ပဲ အမိန့်ချခံထားတဲ့သူတွေ ဒီပုဒ်မနဲ့ပဲ ပြန်တရားစွဲခံရတာ အဓိပ္ပာယ်မရှိဘူး။ သူတို့ ဘယ်လိုပြန်လုပ်လာမလဲတော့ မသိသေးဘူး”

ဒေါက်တာ အမ်ကောန်လ ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၆ ရက်က မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက် က တရားလို လုပ်ပြီး တရားစွဲခံထားရ တာလို့လည်း ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ဖိတ်ကြားချက်ကို KNC ပါတီက တက်ရောက်ဖို့ ငြင်းဆိုခဲ့ပြီး အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေး အတွက် ပါတီက ရည်ရွယ်ထားတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့ တစ်သီးပုဂ္ဂလ ပြည်သူတွေ ပါဝင်တဲ့ ကချင်ပြည်သူ့နိုင်ငံရေး ရှေ့ဆောင်အဖွဲ့ (KPPF) ကို ဦးဆောင်ဖွဲ့ စည်းခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ နေပြည်တော်က သူ့သွား ဆေးခန်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေက လာရောက်ဖမ်းဆီးတာ ခံခဲ့ရပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - (က) နဲ့ တရားစွဲခံရကာ ပြီးခဲ့တဲ့ မတ်လ ၂၃ နေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ် အမိန့်ချမှတ်တာ ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။