ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ရွေးကောက်ပွဲအမှုနဲ့ စွဲချက်တင်ခံရ

2022.07.28
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ရွေးကောက်ပွဲအမှုနဲ့ စွဲချက်တင်ခံရ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား ၂၀၁၆ ခုနှစ် ဇွန်လ ၅ ရက်နေ့က တွေ့ရစဉ်
Photo: RFA

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မလေးခုနဲ့ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံထား ခဲ့ရတဲ့ NLD အစိုးရ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ဟာ ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ တောင်လေးလုံးအကျဉ်းထောင် တရားရုံးမှာ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု ရာဇသတ်ကြီးဥပဒေပုဒ် - ၁၃၀ (က) နဲ့ စွဲချက်တင်ခံလိုက် ရတယ်လို့ တရားရုံးနဲ့နီးစပ် သူတွေက ပြောပါတယ်။

ဒေါက်တာလင်းထွဋ်ဟာ အဲဒီပုဒ်မနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့က အမှုဖွင့်ခံရတာဖြစ်ပြီး အချိန်နှစ်ပတ်အကြာ ဒီနေ့မှာ စွဲချက်တင်ခံရတာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါ တယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တယ်ဆိုပြီး တရားရုံးကို ဦးတိုက်စွဲ တာပေါ့နော်။ ရာဇသတ် ကြီးဥပဒေပုဒ်မ -၁၃၀ (က) နဲ့ စွဲဆိုခံရတာ။ သူတို့ဘက်က တရားရုံကို ဦးတိုက်လျှောက်တာက ဒီလ ၁၄ ရက်နေ့ မှာပေါ့။ ဒေါက်တာလင်းထွဋ် ကတော့ ၂၀ ရက်နေ့မှသိတာ”

ဒေါက်တာလင်းထွဋ်ကို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အရာရှိက တရားလို လုပ်ပြီး စွဲဆိုထားတာလို့ ဆိုပါတယ်။

ဇူလိုင် ၂၇ ရက် မနေ့က လိုပြသက်သေသုံးဦးကို စစ်ဆေးခဲ့ပြီး ဒီနေ့မှာ စွဲချက်တင်တဲ့အမိန့် ချမှတ်ခံရတာလို့လည်း ပြောပါတယ်။ လာမယ့် သြဂုတ်လ ၃ ရက်နေ့ရုံးချိန်းမှာ နှစ်ဖက် လျှောက်လဲချက်တွေကို ကြားနာပြီး အမိန့်ချမှတ်ဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ဟာ အင်းလေးဇုန်ဝင်ကြေးကိစ္စအတွက် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေက ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် ငွေပေးသွင်း ဖို့ကျန်နေတာ၊ ကိုဗစ်ကာကွယ်ရေး ရန်ပုံငွေ သုံးစွဲမှုမှာ ကွာခြားချက်တွေရှိနေတာ စတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားလိုလုပ် ပြီး တရားစွဲဆိုခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်မှာ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံ ထားရတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။