ဝန်ကြီးချုပ်နဲ့ နီးစပ်တဲ့ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးခဲ့တယ်လို့ တိုင်းလွှတ်တော်မှာ တင်ပြ
2019.02.19
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ဟာ သက်ဆိုင်ရာဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်မရခင်ကတည်းက သူနဲ့နီးစပ်တဲ့ ကုမ္ပဏီတွေကို ဆောက်လုပ်ခွင့်ပေးခဲ့တဲ့ ဆောက်လုပ်ရေးစီမံကိန်း ၃ခု ရှိတဲ့အကြောင်း ဒီနေ့ တိုင်းလွှတ်တော်မှာ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက တင်ပြလိုက်ပါတယ်။
အဲဒီစီမံကိန်း ၃ခုက ထားဝယ်မြို့နယ် ခြင်းလုံးအားကစားရုံ၊ ပုလောမြို့တော်ခန်းမ နဲ့ နေပြည်တော်ဧည့်ရိပ်သာ ဆောက်လုပ်တာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ထားဝယ်မြို့နယ် ခြင်းလုံးအားကစားရုံကို ခွင့်ပြုချက်မရခင်ကတည်းက ကြိုတင်ဆောက်လုပ်ခဲ့ပြီး ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ ရှိခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
ပုလောမြိုတော်ခန်းမ တည်ဆောက်ဖို့ကိုတော့ တင်ဒါခေါ်ယူဖို့ အချိန်မရလိ့ုဆိုပြီး ဝန်ကြီးချုပ်က တူမဖြစ်သူရဲ့ ခင်ပွန်း လုပ်ကိုင်နေတဲ့ GGS ကုမ္ပဏီကို ခွင့်ပြုချက်မရခင် ၇လလောက်ကတည်းက ဆောက်လုပ်ခွင့်ပေးတာကိုတွေ့ရတယ် လို့လည်း ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီရဲ့ တင်ပြချက်အရ သိရပါတယ်။
နေပြည်တော် ဧည့်ရိပ်သာဆောက်လုပ်ရာမှာလည်း ခွင့်ပြုချက်မပါဘဲ ပိုက်ဆံကြိုတင်ထုတ်ပေးတာတွေ ရှိခဲ့ကြောင်း သိရပါတယ်။
ဒီစီမံကိန်း ၃ခုဟာ တင်ဒါမခေါ်ဘဲ နီးစပ်တဲ့သူတွေကို လုပ်ပိုင်ခွင့်ပေးခဲ့တာကြောင့် ဝန်ကြီးချုပ်ကို စစ်ဆေးပေးဖို့ တိုင်ကြားခံရတဲ့ အချက်တွေထဲမှာ ပါတဲ့အချက်တွေလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို တာဝန်ကနေ ဖယ်ရှားပေးဖို့ ဒေသခံတွေက တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။