၀န်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို ပထမဆုံးအကြိမ် ရုံးထုတ်


2019.03.25
lelemaw-622.jpg တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကို ၂၀၁၉၊ မတ် ၇ ရက်နေ့က တွေ့ရစဉ်
Photo: Tanintharyi Region

အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီတာဝန်ရှိသူ ၃ ဦး ကို ထားဝယ်မြို့မှာရှိတဲ့ တနင်္သာရီတိုင်းတရားလွှတ်တော်မှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

ဒေါက်တာ လဲ့လဲ့မော်အပါအဝင် အမှုဖွင့်ခံထားရသူတွေဘက်က ရှေ့နေ မရှိသေးတဲ့အတွက် ဒီနေ့ ရုံးထုတ်မှာ တရားသူကြီးက ရှေ့နေ ငှားရမ်းမလား၊ ကိုယ်တိုင်ချေပမလား မေးမြန်းရာမှာ ရှေ့နေ ငှားရမ်းရင်ဆိုင်မယ်လို့ ဒေါ်လဲ့လဲ့မော်က ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ဒီအမှုကို လာမယ့် ဧပြီလ ၄ ရက်နေ့မှာ ထပ်မံစစ်ဆေးဖို့ ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။

ဒေါက်တာ လဲ့လဲ့မော်ဟာ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ပိုင်ခွင့်ရရှိခဲ့တဲ့ GGS ကုမ္ပဏီကို ကာလတန်ကြေး ငွေကျပ်သိန်း ၃၂၀ ကျော် တန်ဖိုးရှိတဲ့ သူမ မိသားစုပိုင် နေအိမ်ကို သိန်း နှစ်ထောင်ကျော်နဲ့ ရောင်းချခဲ့တာတွေကြောင့် အဂတိလိုက်စားမှုရှိတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ခံရတာဖြစ်ပါတယ်။

ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတွေရှိတယ်ဆိုပြီး အမှုဖွင့်ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးနောက် နောက်တသ်ရက်မှာပဲ ဝန်ကြီးချုပ် ရာထူးတာဝန်ကနေ သမ္မတ ဦးဝင်းမြင့်က ထုတ်ပယ်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ လစ်လပ်နေတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် နေရာအတွက် ကော့သောင်းမဲဆန္ဒနယ် အမှတ် (၂) က လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးလည်းဖြစ်တဲ့ ဦးမြင့်မောင် ကို ခန့်အပ်ခဲ့ပါတယ်။

ဝန်ကြီးချုပ်အသစ် ဦးမြင့်မောင်ဟာ ဒီနေ့ တိုင်းလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။

တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ကုမ္ပဏီတွေက သိမ်းယူပြီး အကောင်အထည်ဖော်နိုင်ခြင်းမရှိတဲ့ မြေယာတွေကို ဒေသခံတောင်သူတွေထံ ဥပဒေနဲ့အညီ ပြန်လည်ပေးအပ်နိုင်ရေး ကြိုးပမ်းသွားမယ်လို့ ဝန်ကြီးချုပ် ဦးမြင့်မောင် က ပြောခဲ့ပါတယ်။

ဒါ့အပြင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့၊ ရေထွက်ပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ဖို့၊ သယံဇာတတွေထုတ်ယူရာမှာလည်း ပတ်ဝန်းကျင်ထိခိုက်မှု နည်းအောင် ဥပဒေနဲ့လုပ်ပိုင်ခွင့်ပြုဖို့၊ တိုင်းအတွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ တန်ဖိုးသင့်ပြီး မှန်ကန်တဲ့ဈေးနှုန်းတွေနဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရအောင် ဆောင်ရွက်ဖို့ ရည်မှန်းထားကြောင်းလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တနင်္သာရီတိုင်းအစိုးရကို အဂတိကင်းစင်ပြီး ပွင့်လင်းမြင့်သာတဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အစိုးရဖြစ်အောင် ဆောင်ရွက်မယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။