မလက်တိုကျေးရွာ ဆန္ဒပြနယ်မြေ ပုဒ်မ (၁၄၄) ရုပ်သိမ်းတော့မည်
2013.03.02
ရဲတပ်ဖွဲ့ဝင်တွေနဲ့ လယ်သမားတွေ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုမှာ နေ့ရောညပါ ဆန္ဒပြခဲ့တဲ့ လယ်သမားတွေ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီဖြစ်ပြီး နယ်မြေအေးချမ်းတဲ့ အနေအထားကို ပြန်လည်ရောက်ရှိနေတာကြောင့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားမှုကို အမြန်ဆုံးရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီလ ၂၆ရက် နေ့လည်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ ပုဒ်မ (၁၄၄) ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး မအူပင်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက RFA ကို အခုလို ပြောပါတယ်။
"ရွာသားတွေအားလုံးကလည်း ဆန္ဒရှိတယ်၊ ဒီဘက်ကလည်း လုပ်ပေးချင်တဲ့ဆန္ဒရှိတယ်၊ ရွာသားတွေက သူတို့ဥပဒေနဲ့အညီ ရှင်းပါတော့မယ်လို့ အာမခံတော့ ကျွန်တော်တို့လဲ ရုပ်သိမ်းဖို့ စီစဉ်ဆောင်ရွက်နေပါတယ်၊ အခုက ခရိုင်အဆင့်ကဏ္ဍတွေအားလုံး ပြီးပြီဆိုတော့ တိုင်းအစိုးရအဖွဲ့ကို တင်မယ်၊ တိုင်းအစိုးရကတော့ ဖုန်းနဲ့တော့ မူအားဖြင့်တော့ အားလုံးသဘောတူပြီးပြီ"
သိမ်းယူခံခဲ့ရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ လယ်သမားတွေဘက်က ညှိနှိုင်းဖြေရှင်းဖို့အတွက် လယ်သမား ၁၀ ဦးပါဝင်တဲ့ ကော်မတီတစ်ရပ်ကို မနေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။