အလှူငွေပေးအပ်သူတစ်ဦး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့က ဦးမောင်လှသွယ် ဆိုသူကို မနေ့က ရမ်းဗြဲမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ် အမိန့်ချပြီး ကျောက်ဖြူ အကျဉ်းထောင်ကို ပို့လိုက်တယ်လို့သိရပါတယ်။

2012.12.20

အာဏာပိုင်တွေပစ်ခတ်မှုကြောင့် အောက်တိုဘာလက သေဆုံးသွားတဲ့ ဦးဟန်ရွှေဆိုသူရဲ့ ကျန်ရစ်သူမိသားစုတွေကို အလှူငွေပေးအပ်ဖို့သွားသူ ဦးမောင်လှသွယ်ကို အာဏာပိုင်တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးပြီး ပုဒ်မ-၅၀၅(ခ) ဆူပူအောင်လှုံ့ဆော်မှုနဲ့ အမှုစွဲတင်ပြီး ရမ်းဗြဲမြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဦးမောင်လှသွယ် ကို တရားရုံးမှာ မနေ့က သူတို့ တွေ့ခွင့်မရခဲ့ဖူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

တရားရုံးမှာ စွပ်စွဲချက်တွေကို ခုခံချေပဖို့အတွက် ဦးမောင်လှသွယ် ကို အာဏာပိုင်တွေက ရှေ့နေငှားရမ်းခွင့်မပေးခဲ့ဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ချောင်းဝကျေးရွာအုပ်စု ရေမျက်ဝကျေးရွာမှာရှိတဲ့ သေဆုံးသူ ဦးဟန်ရွှေရဲ့ကျန်ရစ်သူ မိသားစုအတွက် စေတနာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတစ်ချို့က စုပေါင်းလှူဒါန်းတဲ့ ငွေ ၈ သိန်းကို ရမ်းဗြဲမြို့မှာနေထိုင်တဲ့ ဦးမောင်လှသွယ် က သူတို့ကိုယ်စား သွားရောက်ပေးအပ်ရာမှာ အာဏာပိုင်တွေက လမ်းမှာဖမ်းဆီးပြီး အမှုစွဲတင်ခဲ့တာဖြစ်ပါတယ်။

ဦးဟန်ရွှေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာမှာ ဆူပူမှုတွေအတွင်း အာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။