DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေး Covid-19 နဲ့ စစ်ဆေးရုံမှာ ကွယ်လွန်

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးဟာ ဒီကနေ့ ညနေ ၄ နာရီ ၄၀ မိနစ်လောက်က ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် စစ်ဆေးရုံမှာ Covid-19 ရောဂါနဲ့ ကွယ်လွန်သွားပြီလို့ DKBA က RFA ကို အတည်ပြုပါတယ်။
အသက် ၅၃ နှစ်အရွယ် ဗိုလ်ချုပ်ကြီးစောမိုရှေးဟာ ဇူလိုင် ၁၄ ရက်မှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်က ဗိုလ်ချုပ်ကြီးစောမိုရှေးရဲ့ ရုပ်အလောင်းကို Covi-19 ရောဂါပိုးကူးစက်ပြန့်ပွားမှာ စိုးရိမ်လို့ မိသားစုထံ ပြန်လည်သယ်ယူခွင့်ပြုမှာ မဟုတ်ဘဲ စစ်တပ်အရာရှိတစ်ဦးကျဆုံးသွားသလိုမျိုး မီးသင်္ဂြိုလ်ပေးမယ်လို့ မိသားစုကို ပြောဆိုထားတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီးစောမိုရှေးနဲ့အတူ DKBA တပ်ဖွဲ့ဝင် ၅ ဦး Covid-19 ကူးစက်ခံရပြီး မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တာဖြစ်ပြီး အဲ့ဒီအခြားတပ်ဖွဲ့ဝင် ငါးဦးကတော့ ရောဂါပြန်လည်ကောင်းမွန်ခဲ့ပါတယ်။
ယခင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ် ၂၀၁၆ ခုနှစ်မှာ လည်ချောင်းကင်ဆာနဲ့ ကွယ်လွန်ပြီးနောက် ဗိုလ်ချုပ်ကြီးစောမိုရှေးဟာ DKBA စစ်ဦးစီးချုပ် အဖြစ်တာဝန်ယူခဲ့တာဖြစ်ပါတယ်။ DKBA ဟာ ၁၉၉၄ ခုနှစ်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ကနေ ခွဲထွက်ပြီးပေါ်ပေါက်လာတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါတယ်။
DKBA ဟာ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံခဲ့ဘဲ ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီနောက်၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှာတော့ ဦးသိန်းစိန်အစိုးရနဲ့ အပစ်ရပ် သဘောစာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ ရက် မှာတော့ NCA ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။