ငြိမ်းချမ်းရေးအတွက် အချိန်သတ်မှတ်ဖို့ လိုအပ်

၂ဝ၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရှိအောင် အချိန်တစ်ခုသတ်မှတ်ဖို့လိုကြောင်း DKBA ကလိုထူးဘောတပ်ဖွဲ့က ဦးဆောင်ကျင်းပနေတဲ့ ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲမှာ ဒီကနေ့ဆွေးနွေးခဲ့ကြပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာမှာ ကျင်းပနေတဲ့ နှီးနှောဖလှယ်ပွဲ ဒုတိယမြောက်နေ့မှာ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေကို ခေါင်းစဉ်အလိုက် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဒီကေဘီအေ အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလုံလုံက အခုလိုပြောပါတယ်။
"စစ်ရေးရယ်၊ ဖွံ့ဖြိုးတိုးတက်ရေးရယ်၊ လူမှုရေးနဲ့ နိုင်ငံရေးတွေကို လေးပိုင်းပိုင်းပြီးတော့ ဆွေးနွေးကြတယ်၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ၊ ဒီလိုလုပ်မယ့်ဟာတွေပေါ်လာရင် Working Group ဖွဲ့မယ်၊ ပြီးရင် Action Plan လုပ်ဖို့ တာဝန်ပေးအပ်မယ်၊ ပြီးရင်လိုအပ်တာတွေဆက်လုပ်ဖို့ ကျွန်တော်တို့ ကလိုထူးဘောတပ်ဖွဲ့က အကူအညီပေးအပ်သွားမယ်"
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိအပစ်အခတ်ရပ်စဲရေး အခြေအနေကနေ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအဆင့်အထိ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ ဆန္ဒရှိပေမယ့် အစိုးရဘက်က အချိန်သတ်မှတ်ပြီးဆောင်ရွက်ဖို့ အားနည်းချက်ရှိနေတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် ကိုညီညီထွန်းက အခုလိုပြောပါတယ်။
"စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အချိန်တစ်ခုကို အမြန်သတ်မှတ်လိုက်ရင် ဒီပြဿနာတွေအားလုံး ပြီးသွားမယ်ထင်ပါတယ်၊ ၂ဝ၁၅ မတိုင်ခင်မှာ အချိန်တစ်ခုသတ်မှတ်ပြီး၊ လုပ်လိုက်ရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးလမ်းစလေးပေါ်သွားမယ်လို့ ထင်ပါတယ်"
ကလိုထူးဘော စစ်အခြေချဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကလည်း အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေချနယ်မြေတွေအတွင်း အစိုးရစစ်တပ်ဖက်က စစ်ရေးတိုးချဲ့ပြင်ဆင်နေတာတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးခြေလှမ်းလို့ ယုံကြည်လို့မရဘဲဖြစ်နေပြီး၊ အခုလို တဖက်သက် စစ်ရေးပြင်ဆင်မှုတွေဟာ ငြိမ်းချမ်းရေးအတွက် တကယ့်အားနည်းချက်ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။