သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေးဆွေးနွေး
2024.07.01

သမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့က နိုင်ငံတော် ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ငါးချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို သွားရောက်တဲ့ ခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့လည်း သီးသန့်တွေ့ ဆုံခဲ့တာပါ။
ဒါပေမဲ့ မြန်မာ့အရေး ဘာတွေကို ဆွေးနွေးတယ်ဆိုတာတော့ အသေးစိတ်ထုတ်ပြန်ထားတာ မရှိပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ ဦးသိန်းစိန်ဟာ တရုတ်ပြည်သူတွေရဲ့ မိတ်ဆွေဟောင်းဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်-မြန်မာအရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောကကတော့ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို အာဏာလွှဲပေးခဲ့သူအဖြစ် နာမည်ကောင်းရှိတာနဲ့ စစ်ကောင်စီခေါင်းဆောင်ကို နိုင်ငံရေးအပြောင်းအလဲအတွက် ဖျောင်းဖျပြောဆိုနိုင်တယ်လို့ ယူဆတာကြောင့် တရုတ်က ဖိတ်ခေါ်တွေ့ဆုံတာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောဆိုထားပါတယ်။
ဒီခရီးစဉ်မတိုင်ခင် ဇွန်လ ၂၆ ရက်နေ့ကတော့ တရုတ်သံအမတ် Mr. Chen Hai က နေပြည်တော်မှာ သမ္မတဟောင်း ဦးသိန်းစိန်ကို သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး စတဲ့ကိစ္စတွေကို ပြောဆိုခဲ့ကြတယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။