မင်္ဂလာဒုံ တိလောကရပ်ကွက် ဝင်ထွက်ခွင့်ပိတ်ထား
2016.07.23

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တိလောကရပ်ကွက်မှာ ကူးစက်မြန် အဆုတ်ရောဂါတစ်မျိုးဖြစ်တဲ့ ဆုံဆို့နာရောဂါ ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီရပ်ကွက်မှာ နေထိုင်သူ ၂ဝဝ လောက်ကို ကျန်းမာရေးဦးစီးဌာနက အပြင်သွားလာခွင့် ၁ဝ ရက် ပိတ်လိုက်ပါတယ်။
အဲဒီရပ်ကွက်မှာ နေထိုင်သူတွေက နေ့စားအလုပ်သမားတွေ များတဲ့အတွက် အပြင်သွားလာခွင့် ပိတ်လိုက်တဲ့ ကာလအတွင်း စားသောက်ရေးအတွက် အဖွဲ့အစည်းပေါင်းစုံနဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့ မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောပါတယ်။
"ရောဂါကာကွယ်ရေးဌာနကတော့ အဲ့မှာလာပြီးဆေးတွေတိုက်နေပါတယ်၊ ၁၀ ရက်တိုက်ရမယ်လို့ပြောပါတယ်၊ ကျန်တဲ့သူတွေကတော့ မျက်နှာဖုံးတွေစွပ်ပြီးဝင်ရတာပေါ့နော်၊ ဝန်းကအရမ်းကပ်သွားတာကိုး၊ တစ်အိမ်နဲ့ တစ်အိမ်ကအရမ်းကပ်နေတော့ စိုးရိမ်လို့ ပိတ်လိုက်တယ်ထင်တာပဲ၊ လိုအပ်လို့ ပိတ်တာပေါ့နော်၊ သူတို့ကနေ့စားတွေဆိုတော့ ဘုန်းကြီးကျောင်းကကျွေးရတာပေါ့၊ ကျန်တဲ့လူမှုရေးအသင်းအဖွဲ့တွေကလည်း ၁၀ ရက်စာ လူ ၂၀၀ စာကို တာဝန်ယူကြပါတယ်"
အဲ့ဒီရပ်ကွက်မှာ နေအိမ် ၅ဝ ခန့်ရှိပြီး ဆုံဆို့နာရောဂါ ဖြစ်ပွားနေသူတစ်ဦးကို စစ်ဆေးတေ့ွရှိထားတဲ့အတွက် မနေ့ကစပြီး ရပ်ကွက်အတွင်း ဝင်ထွက်သွားလာခွင့်ကို တားမြစ်လိုက်တာဖြစ်ပါတယ်။
အပြင်သွားလာခွင့်ပိတ်လိုက်တဲ့ ၁ဝ ရက်အတွင်း ရပ်ကွက်သူ ရပ်ကွက်သားတွေကို ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးပေးတာ ဆေးစစ်တာတွေ ဆောင်ရွက်ပေးနေပါတယ်။
အပြင်သွားလာခွင့်ကန့်သတ်ခံရတဲ့ ကာလပြီးတဲ့နောက် စက်ရုံ၊ အလုပ်ရုံတွေနဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင် သူတွေ ပြန်လည်အလုပ်လုပ်နိုင်ဖို့နဲ့ လစာဖြတ်တောက်မခံရဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့လည်း ဦးအောင်လှိုင်ဝင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း မင်္ဂလာဒုံမြို့နယ် ကုန်းတလဘောင်ကျေးရွာက ရတနာမာန်အောင် သီလရှင်စာသင်တိုက် မှာ ဆုံဆို့နာရောဂါဖြစ်ပွားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဝင်ထွက်သွားလာခွင့်ယာယီ ပိတ်ခဲ့ပြီး နေ့စဉ် ကာကွယ်ဆေး တိုက်ကျွေးခဲ့ရပါတယ်။