ဖမ်းဆီးခံသတင်းသမားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ CPJ တောင်းဆို

2023.01.31
RFA Burmese
ဖမ်းဆီးခံသတင်းသမားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ CPJ တောင်းဆို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်၊ မြေနီကုန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ဖောက်လူစုခွဲစဉ်။
RFA

အာဏာသိမ်းစစ်ကောင်စီက သတင်းသမားတွေကို နှိပ်စက်ညှဉ်းပန်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ဖမ်းဆီးထားသူတွေကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ သတင်းသမားများကာကွယ်ရေးကော်မတီ CPJ က စစ်အာဏာသိမ်း နှစ်နှစ်ပြည့်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၃၁ ရက် မနေ့က ထုတ်ပြန်တဲ့ အဲဒီကြေညာချက်မှာ ပြီးခဲ့တဲ့ နှစ်နှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေများစွာ ဆိုးရွားလာခဲ့ကြောင်းနဲ့ စစ်ကောင်စီက သတင်းသမားတွေကို နှောင့်ယှက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြောင်း CPJ ရဲ့ အရှေ့တောင်အာရှအကြီးတန်းကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြောက်တရားနဲ့ ဖိနှိပ်မှုအောက်မှာ ရှိနေသရွေ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကတစ်ဆင့် ဒီမိုကရေစီရေး ပြန်လည်ဖော်ဆောင်မယ် ဆိုတဲ့ ပြောဆိုချက်ဟာ ယုံကြည်စရာမရှိဘူးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သတင်းသမား အနည်းဆုံး ၄၂ ယောက် ဖမ်းဆီးခံနေရပြီး ကမ္ဘာ့သတင်းသမားများဖိနှိပ်ခံရမှု အဆိုးဆုံး တတိယမြောက် နိုင်ငံဖြစ်တယ်လို့ CPJ က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ထားပါတယ်။

အများစုဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ (ခ) နဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၂ နှစ်ကနေ ၃ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။