ပုလဲမြို့နယ် NLD ပါတီရုံး ဖျက်ဆီးခံရ

ဇွန်လ ၂၅ ရက်နေ့ မနေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်သားတွေရဲ့ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် အဲဒီ ပုလဲမြို့နယ်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်သား အလုံးအရင်းနဲ့ ဒီကနေ့ လာရောက်ဖျက်ဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီက စစ်ကား ၁၂ စီး၊ အင်အား ၁၀၀ လောက်နဲ့ လာရောက်ဖျက်ဆီးခဲ့ပြီး ရုံးရဲ့ မှန်တံခါးတွေ ကိုလည်း ရိုက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။
"ရုံးအတွင်းထဲလည်း ဝင်မွှေတယ်။ ဘာတွေပါသွားလဲ မသိဘူး။ ပုံမှန်ဆို ရုံးမှာ အစောင့် နှစ်ယောက် ရှိတယ်။ ဒီနေ့က စနေနေ့မို့ မရှိကြတာ။ အခုထိတော့ ဖမ်းခံရသူ မရှိသေးဘူး" လို့ မျက်မြင်တွေ့ရှိတဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
မြို့တွင်းမှာလည်း လတ်တလော စစ်သားတွေ လှည့်လည်နေပြီး သေနတ်ပစ်ဖောက်သံတွေ ကြားနေရတယ်လို့ ဒေသခံတစ်ဦး က RFA ကို နေ့လယ် သုံးနာရီခွဲလောက်က ပြောပါတယ်။
မနေ့က စစ်ကောင်စီ တပ်သားတွေရဲ့ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေ အသေးစိတ်နဲ့ ထိခိုက် ဒဏ်ရာရတာ ရှိ၊ မရှိကိုတော့ RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် တချို့ ဖမ်းဆီးခံထားရပြီး နောက် NLD ပါတီရုံးတွေကိုလည်း လိုက်လံဖျက်ဆီးတာ၊ ချိတ်ပိတ်တာ၊ ဗုံးနဲ့ ပစ်တာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။