အပစ်ရပ်ထားတဲ့ ကယားပြည်နယ်မှာ ပစ်ခတ်မှုတချို့ ပြန်ရှိနေ

2021.06.26
အပစ်ရပ်ထားတဲ့ ကယားပြည်နယ်မှာ ပစ်ခတ်မှုတချို့ ပြန်ရှိနေ ၂၀၂၁၊ ဇွန် ၂၆ ရက်နေ့ညက လက်နက်ကြီးထိမှန်ထားတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ လောပိတလမ်းဘေးရှိ ဧက ၅၀၀ ရွာက နေအိမ်တစ်လုံးကို တွေ့ရစဉ်
Photo: Citizen Journalist

ကယားပြည်နယ် လွိုင်ကော်မြို့ လောပိတလမ်းဘေးရှိ ဧက ၅၀၀ ရွာကို ဇွန်လ ၂၅ ရက် မနေ့ည ၉ နာရီခန့်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာထဲက အိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခရစ်ယာန်ဘုန်းတော်ကြီးတွေ တားမြစ်ထားလို့ ပစ်ခတ်တာတွေမလုပ်တော့ဘဲ ငြိမ်နေရာကနေ မနေ့ ညပိုင်းကတော့ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဘယ်အဖွဲ့က ပစ်တယ်ဆိုတာတော့ တိတိကျကျ မသိသေးဘူး။ လူနေအိမ်တွေ ထိတယ်။ ပစ်တာတော့ ၁၂ မိနစ်လောက်ပဲ။ သိပ်တော့ မကြာခဲ့ဘူး။ လူမရှိတဲ့ အိမ်တစ်အိမ်ကို ထိသွားတယ်။ လူ ဒဏ်ရာရတာတော့ မကြားဘူး။ အိမ်ကတော့ တော်တော်ကြီး ထိသွားတယ်။"

ကရင်နီပြည်နယ်ထဲက ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ ဒေသခံတွေက ဘာသာရေး အဆောက်အအုံတွေကို ပစ်ခတ်တာတွေမလုပ်ဖို့ စစ်ကောင်စီနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံ နှစ်ဘက်စလုံးက အပစ် ရပ်ပေးကြဖို့ မေတ္တာရပ်ခံခဲ့တာကြောင့် ဇွန်လ ၁၂ ရက်နေ့ နောက်ပိုင်း ပစ်ခတ်တာတွေ မရှိတော့တာပါ။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့အကြား ယာယီအပစ်အခတ် ရပ်စဲထားခဲ့ရာမှ အခုလို ပစ်ခတ်သံတွေ ကြားခဲ့တာကြောင့် လတ်တလောမှာ မြို့တွင်း သွားလာမှု နည်းပါးသွားပြီး ခြောက်ကပ် နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်တို့ ကယားပြည်နယ်ထဲမှာ တစ်လကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ စစ်ဘေးဒုက္ခသည်ပေါင်း တစ်သိန်းကျော် ဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။