ဒီးမော့ဆိုအရှေ့ခြမ်း ရွာခုနစ်ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေး
2023.03.11

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအနီး မတ်လ ၁၁ ရက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ခုနစ်ရွာက ဒေသခံငါးထောင် (၅၀၀၀) ကျော် ပထမဆုံးအကြိမ် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ခူညေးရယ်က ပြောပါတယ်။
"ဒေါတမကြီး အုပ်စုဆိုတာ ခုနစ်ရွာရှိတယ်။ ဒေါတမကြီးအုပ်စုက တစ်ခါမှ မပြေးခဲ့ရဘူး။ သူ့ ရွာမှာ သူများရှောင်လာပြီး လာခိုလှုံတာပဲရှိတယ်။ အခုက သူတို့ပါအပြင်ထွက်ပြီး ခိုလှုံရတော့မယ့် အနေအထား မျိုးဖြစ်တော့ အဲဒါက (စစ်ဘေးဒုက္ခသည်) အသစ်လို့ ပြောလို့ရတယ်ပေါ့။ အခုက ဒေါတမကြီးအုပ်စုဘက်ကို ဦးတည်နေတာ။ စစ်ကောင်စီတပ်တွေက အဲဒီနေရာကို ရောက်နေပြီ"
မတ်လ ၉ ရက်နေ့ကစလို့ ဒေါတမကြီး ကျေးရွာအုပ်စုကို စစ်ကြောင်းထိုးလာတာကြောင့် စစ်ဘေးဒုက္ခသည်အသစ်တွေ တိုးလာတယ်လို့ ခူညေးရယ်က ပြောပါတယ်။
ဒီရွာတွေက ဒေသခံတွေဟာ တစ်နိုင်တစ်ပိုင် ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေကို သယ်ဆောင်ပြီး တောတောင်တွေနဲ့နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေဆီမှာ ခိုလှုံနေတယ်လို့ သူက ပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ခြေမြန်တပ်ရင်း (ခမရ-၄၂၉) နဲ့ တပ်မ (၇၇) လက်အောက်ခံတပ်တွေပါဝင်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီ ကယားပြည်နယ်ပြောခွင့်ရသူ ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေ မယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မတ်လ ၁၀ ရက်ကလည်း ဒီးမော့ဆို ဒေါသဲရွာ၊ ဒေါတမြေးရွာနဲ့ ဒေါတမကြီးကျေးရွာအုပ်စု ဒေါညေးခူရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၅၈၆ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။