ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ဘေးဒုက္ခသည်တွေ ဗုံးကြဲတိုက်ခိုက်ခံရ
2023.04.29

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံတဲ့နေရာကို စစ်ကောင်စီတပ်က ဧပြီ ၂၉ ရက်နေ့မှာ လေကြောင်းကနေ ဗုံးအလုံးရေ ခြောက်လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကျေးရွာပေါင်း ၁ဝ ရွာလောက်က စစ်ဘေးဒုက္ခသည်တွေ စုနေတဲ့နေရာကို စစ်ကောင်စီက ဗုံးကြဲသွားတာလို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ကြဲတာလည်း များတယ်။ ပေါင် ၁၂၀ ဗုံး ခြောက်လုံးနဲ့အထက် ကြဲတာ။ တိုက်လေယာဉ် ပထမတစ်စင်းက နှစ်လုံးလောက်ကြဲပြီး နောက်တစ်စင်းက အများကြီးဆက်တိုက်ကြဲသွားတာ။ အဲဒီမှာက စစ်ဘေးရှောင်တွေနဲ့ စျေးဆိုင်လေးတွေ၊ ဆိုင်ကယ်ပြင်ဆိုင်၊ ကားဝပ်ရှော့တို့လို ဆိုင်အသေးလေးတွေ ရှိတယ်။ စစ်ကောင်စီက စစ်ရေးအရ မြေပြင်မှာ ထိုးဖောက်လို့မရတော့ စစ်ရှောင်တွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်တယ်လို့ပဲ မြင်တယ်ဗျ။”
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ၁၁ မိုင်ကုန်းလို့ခေါ်တဲ့ အဲဒီနေရာမှာ မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည် ရာနဲ့ချီ ခိုလှုံနေကြတာလို့ ဒုက္ခသည်အရေးကူညီနေသူတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က အဲဒီနေရာကို တိုက်လေယာဉ် သုံးစီးလောက်နဲ့ တိုက်ခိုက်ခဲ့သလို၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ၁၀၂ နဲ့ ၄၂၇ တပ်ရင်း နှစ်ရင်းကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဒုက္ခသည်စခန်းတွေ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် ဒုက္ခသည်တွေ တစ်ကြိမ်ထက်မက ထွက်ပြေးနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါတယ်။
“ဒီနေရာက တိုက်ပွဲတွေနဲ့ ဘယ်လိုမှကို ဆက်စပ်မှုမရှိဘူး။ အခုလောလောဆယ် တိုက်ပွဲအများဆုံးဖြစ်နေတာက ဒီးမော့ဆို အရှေ့ဘက်ခြမ်း၊ မိုးဗြဲဘက်တို့ အဲဒီနေရာတွေနဲ့ ဝေးတယ်။ စစ်ရေးအရ ထိတွေ့မှုရှိတဲ့နေရာတွေနဲ့ ၁ဝမိုင်လောက် ဝေးတယ်။ စစ်ရှောင်တွေက အခု ဘယ်ကိုရှောင်လို့ရှောင်ရမှန်းမသိဘူး၊ သူတို့က အရမ်းကြောက်လန့်ပြီး ထပ်ပြေးစရာနေရာလည်း မရှိတော့ဘူးလေ။ တချို့တလေက ဒီ့ထက်ဝေးတဲ့နေရာကို သွားချင်ကြပေမယ့် မလွယ်ကူဘူးလေ။“
အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးလောက်နဲ့ ကားအစီးရေ ၄ဝ နီးပါးလည်း ပျက်စီးခဲ့တယ်လို့ KnHRG စာရင်းတွေအရ သိရပါတယ်။ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဧပြီ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေစဉ် သေဆုံးတဲ့ ဒုက္ခသည် ၁၃၄ ယောက် ရှိပါတယ်။