သတင်းထောက် သုံးယောက် အပါအဝင် ၁၂ယောက်ကို တပ်မတော် အမှုဖွင့်
2019.06.22

လွိုင်ကော်အခြေစိုက် သတင်းထောက် သုံးယောက်နဲ့ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ယောက်၊ ဒေသခံ တောင်သူ ရှစ်ယောက် စုစုပေါင်း ၁၂ ယောက် ကို အမှတ် ၃၆၀ အမြောက်တပ်ရင်း တပ်ခွဲမှူးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀/၁၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဒီမောဆိုမြို့မ ရဲစခန်းကနေ သိရပါတယ်။
တောင်သူတွေက အမှတ် ၃၆၀ အမြောက်တပ်ရင်း တပ်ပိုင်နယ်မြေဧရိယာထဲမှာ ဝင်ပြီး ထွန်ယက်စိုက်ပျိုးနေတာကို တပ်ပိုင်ဧရိယာအတွင်း တောင်သူတွေနဲ့အတူ သတင်းထောက်တွေက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် သတင်းရယူပြီး အားပေးကူညီတယ်လို့ စွပ်စွဲပြီး အမြောက်တပ်ရင်းက တပ်မတော်အရာရှိတစ်ဦးက ဇွန် ၁၉ ရက်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဒီမောဆိုမြို့မ ရဲစခန်းက စခန်းမှူး ရဲမှူး အနိုင်က RFA ကို ပြောပါတယ်။
အမှုဖွင့်ခံထားရတဲ့ သတင်းထောက် သုံးဦးကတော့ Eleven Media Group က သတင်းထောက် မနော်ခိုင်ခိုင်အေးချိူ၊ DVB သတင်းဌာနမှ သတင်းထောက် မနော်နိုရင်း၊ ကန္တာရဝတီတိုင်း သတင်းဌာနက သတင်းထောက် တစ်ဦးတို့ဖြစ်ပါတယ်။
ဒါ့အပြင် ကယားပြည်နယ် ကျောင်းသားများ သမဂ္ဂက မမှု့ဇူဇန်တို့အပါအဝင် အဲဒီနေ့က ဝင်ရောက်စိုက်ပျိုးခဲ့တဲ့ တောင်သူ ရှစ်ဦးကို တပ်မတော်က အမှုဖွင့်ထားတာဖြစ်ပါတယ်။
နိုင်လွတ်လုံပုဒ်မနဲ့ အမှုဖွင့်ခံထားရသူတွေကို လတ်တလော ဖမ်းဆီးစစ်ဆေးတာတွေ မလုပ်သေးဘဲ တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို အရင်ဆုံး ခေါ်ယူစစ်ဆေးနေတယ်လို့ ဒီမောဆိုမြို့မရဲစခန်းမှူး ရဲမှူး အနိုင်က ပြောပါတယ်။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)