ကူးစက်သေဆုံးမှုမြင့်မားနိုင်တဲ့ ဗီဇပြောင်းမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကို မြန်မာမှာထပ်တွေ့

မြန်မာနိုင်ငံမှာ အထူးဂရုစိုက်ရမယ့် Delta မျိုးရိုးဗီဇပြောင်းမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုးကို လူ ၁၅ ဦးမှာ စစ်ဆေးတွေ့ရှိရကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။
အခုတွေ့ရှိရတဲ့ Delta မျိုးရိုးဗီဇပြောင်းမျိုးကွဲကို သြဂုတ်လ ၂၈ ရက်နေ့က နေပြည်တော်က ငါးဦး၊ ရန်ကုန်က နှစ်ဦး၊ မန္တလေးက နှစ်ဦး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တွေက တစ်ဦးစီ၊ စုစုပေါင်း ၁၅ ဦးမှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အခုတွေ့ရှိရတဲ့ Delta မျိုးရိုးဗီဇပြောင်းမျိုးကွဲဟာ ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှု မြင့်တက်လာနိုင်သလို ကိုဗစ်ကာကွယ်ဆေးရဲ့ အကျိုးအာနိသင်ကိုပါ အနည်းငယ်လျော့ကျစေနိုင်တဲ့အတွက် အထူးဂရုစိုက်ဖို့ လိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ မိမိကိုယ်တိုင်၊ မိမိ မိသားစုနဲ့ပတ်ဝန်းကျင်ကို ရောဂါကူးစက်မှု မရှိစေဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ထိန်းချုပ်ရေး အမိန့်ကြေညာချက်တွေ၊ ညွှန်ကြားချက် တွေနဲ့ လမ်းညွှန်မှုတွေကို တိတိကျကျ လိုက်နာကြဖို့ အထူးအရေးကြီးကြောင်းလည်း တိုက်တွန်းထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ထုတ်ပြန်ချက်အရ Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာ နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတာ ဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ မျိုးရိုးဗီဇပြောင်း Delta ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ငါးဦးအပြင် Alpha ဗိုင်းရပ်စ်ပိုးကူးစက်သူ နှစ်ဦး၊ Kappa ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ လေးဦးရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့က နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ (၃၉၉,၂၈၂) ဦးရှိပြီး သေဆုံးသူစုစုပေါင်း (၁၅,၃၈၉) ဦး ရှိပါတယ်။