နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီ သေဒဏ်ချမှတ်ခဲ့သူ ၁၅၅ ယောက်ရှိ

ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023.04.11
နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီ သေဒဏ်ချမှတ်ခဲ့သူ ၁၅၅ ယောက်ရှိ စစ်ကောင်စီက သေဒဏ်ပေးခဲ့သည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်။
Citizen Journalist

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သား ၁၅၅ ယောက် သေဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဧပြီ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

သေဒဏ်ချမှတ်ခံထားရသူတွေထဲမှာ အမျိုးသား ၁၄၀ ယောက်၊ အမျိုးသမီး ၁၅ ယောက် ပါဝင်ပြီး အများစုက လူငယ်တွေ ဖြစ်ပါတယ်။

စစ်အုပ်စုက သေဒဏ်ချမှတ်တာကို လက်နက်သဖွယ် အသုံးပြုနေတာလို့ AAPP က ဝေဖန်ထားပါတယ်။

စစ်ကောင်စီက သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မတွေ၊ လူသတ်မှု ပုဒ်မ ၃၀၂ တို့နဲ့ စွပ်စွဲပြီး အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။ အဲဒီထဲမှာ သေဒဏ်တစ်ကြိမ်ထက်ပိုမိုချမှတ်ခံထားရသူ ငါးဦး ရှိတယ်လို့ AAPP စာရင်းမှာ ဖော်ပြထားပါတယ်။

သေဒဏ်ချခံထားရသူတွေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရသူတွေ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဦးဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကတော့ သေဒဏ်ပေးသတ်ဖြတ်ခံခဲ့ရပြီးဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဦးဂျင်မီတို့ လေးဦးဟာ အကြမ်းဖက်မှု ကျူးလွန်သူတွေ ဖြစ်တဲ့အတွက် ဥပဒေအတိုင်း စီရင်တာဖြစ်ပြီး၊ သူတို့ဟာ သေဒဏ်အကြိမ်ကြိမ် ကျခံသင့်သူတွေဖြစ်တယ်လို့ သေဒဏ်စီရင်ပြီး ရက်အနည်းငယ်အကြာ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသူတွေကို ထိုက်သင့်တဲ့ဥပဒေတွေနဲ့ အရေးယူရမှာပဲလို့လည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

နိုင်ငံတကာကတော့ စစ်ကောင်စီရဲ့သေဒဏ်အမိန့်ချမှတ်နေတာတွေကို ကန့်ကွက်ထားပြီး ရပ်တန့်ဖို့လည်း တိုက်တွန်းထားပါတယ်။

AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂ဝ၂၃ ဧပြီ ၁၁ ရက်နေ့အထိ ၂၁၃၃၄ ယောက် အဖမ်းခံခဲ့ရပြီး သေဆုံးသူ ၃၂၃၉ ယောက် ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။