ဒီပဲယင်းမှာ လက်နက်ကြီးနဲ့ မိုင်းကြောင့် အရပ်သားတစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ

RFA Burmese
2023.10.19
ဒီပဲယင်းမှာ လက်နက်ကြီးနဲ့ မိုင်းကြောင့် အရပ်သားတစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ စစ်ကောင်စီ စစ်ကြောင်းထိုးနေသောကြောင့် ထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းမှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပျော်ဘွယ်ရွာကနေ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထွက်စဉ် အောက်တိုဘာလ ၁၉ ရက် ညနေပိုင်းက ရွာထဲကိုဝင်ပြီး မီးရှို့ခံထားရတဲ့ အိမ်တွေကိုရှင်းလင်းတဲ့ ဒေသခံတွေ မိုင်းထိတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ တွေကြောင့် တစ်ဦး သေဆုံးပြီး၊ ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားဖြစ်ပြီး လက်နက်ကြီးနဲ့ မိုင်းကြောင့်ရရှိတဲ့ ဒဏ်ရာကို ဆေးကုသမှုခံယူနေစဉ် အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကတော့ အသက် ၂၀ နဲ့ ၄၀ ကြားရှိတဲ့ အမျိုးသားတွေဖြစ်ပြီး စစ်ကြောင်းက မီးရှို့ထားခဲ့တဲ့ နေအိမ် နှစ်လုံးကို သန့်ရှင်းရေးဝင်လုပ်စဉ် နင်းမိုင်းနှစ်လုံးကွဲပြီးနောက် အဲဒီရွာကနေထွက်သွားတဲ့စစ်ကြောင်းက ဒီပဲယင်းမြို့ကနေ ၆၀ မမ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့ထွက်သွားပြီဆိုပြီးတော့ ဝင်ပြီးတော့ ရွာကိုရှင်းကြတာပေါ့၊ မီးလောင်ထားတဲ့ အိမ်တွေကို။ အဲဒီမှာ စစ်သားတွေထောင်ထားတဲ့ နင်းမိုင်းနှစ်လုံး နင်းမိပြီးတော့ ကွဲပြီးတော့၊ ကွဲတဲ့နေရာကို သူတို့က လက်နက်ကြီးနဲ့ လှမ်းပစ်တာမှာ မိုင်းထိတာရော၊ လက်နက်ကြီးရောကြောင့် ကိုးယောက် ထိခိုက်တယ်၊ အဲဒီအထဲက တစ်ဦးက ဒီမနက်မှာပဲ ဆုံးသွားတယ်"

ဒီစစ်ကြောင်းဟာ ရေဦးမြို့ကနေ ဒီပဲယင်းမြို့အထိ ခြေကျင်ထွက်လာတဲ့ စစ်ကြောင်း ဖြစ်ပြီး စစ်ကြောင်းထိုးရွာလမ်းတစ်လျှောက်က ရွာတွေကို ဝင်ရောက်စီးနင်းတာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ အခုအောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၇ ရက် နေ့ထိ နှစ်ပတ်ကျော်အတွင်းမှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ရှစ်ဦး သေဆုံးပြီး၊ ၄၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပြီလို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။