အာဏာသိမ်းကာလ ကယားပြည်နယ်မှာ အရပ်သား ၄၄၀ နီးပါးသေဆုံး

2023.03.01
အာဏာသိမ်းကာလ ကယားပြည်နယ်မှာ အရပ်သား ၄၄၀ နီးပါးသေဆုံး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့သည့် စစ်ဘေးဒုက္ခသည်ဆေးခန်းတစ်ခုကို တွေ့ရစဉ်။
ကယားပြည်နယ် သတင်းများ စုစည်းရာ

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ထိ ၂၅ လ အတွင်း အရပ်သား ၄၄၀ နီးပါး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က မတ်လ ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ စစ်တပ်က ဖမ်းဆီး၊ သတ်ဖြတ်လို့ သေဆုံးခဲ့ရသူ ၃၀၉ ဦး ရှိခဲ့ပြီး စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရသူပေါင်းက ၁၃၀ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရသူတွေထဲမှာတော့ စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်ရင်း ဆေးဝါးနဲ့ အစားအစာ ပြတ်လတ်တာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ထိမှန်တာကြောင့် သေဆုံးခဲ့ရသူတွေ အများစုပါဝင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း ၂၅လ အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၅၈၆ ကြိမ်အထိ ဖြစ်ခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဘက်က ၂၂၄ ဦး သေဆုံးခဲ့သလို စစ်ကောင်စီဘက်က ၁၆၃၅ ဦး သေဆုံးခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်း ၂၅ လအတွင်း ကယားပြည်နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၉၇ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး နည်းမျိုးစုံနဲ့ ဖျက်ဆီးခံရမှုကြောင့် ဘာသာရေးအဆောက်အအုံ ၃၀ နဲ့ နေအိမ် ၁၃၅၂ လုံးအထိ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းကာလ ဖမ်းဆီးခံခ့ရသူက ၂၇၉ ဦးအထိ ရှိခဲ့ပြီး သေဒဏ်နဲ့ တစ်သက် တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခံထားရသူပေါင်း ခုနစ်ဦး ရှိတယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခုခံစစ်ပြင်းထန်တဲ့ ကယားပြည်နယ်မှာ နယ်မြေတည်ငြိမ်မှုမရှိဘူးဆိုတဲ့ အကြောင်းပြချက် နဲ့ ဒီးမော့ဆို၊ ဇရူဆို၊ ရှားတောနဲ့ ဘောလခဲမြို့နယ်တွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်က စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။