ထားဝယ်နည်းပညာတက္ကသိုလ် ဒုပါချုပ်နဲ့ ဌာနမှူးနှစ်ဦး တော်လှန်ရေးတပ်က ဖမ်းဆီး
2024.02.28

တနင်္ဿာရီတိုင်း၊ ထားဝယ်နည်းပညာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နဲ့ ဌာနမှူးနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗထူးတပ်မတော် ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ထားဝယ်နည်းပညာတက္ကသိုလ်ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ကျော်အောင်၊ အင်္ဂလိပ်စာ ဌာနမှူး ဒေါ်စုစုလတ်နဲ့ မြို့ပြအင်ဂျင်နီယာ ဌာနမှူး ဒေါ်နန္ဒာလွင်တို့ သုံးဦးကို ဖေဖော်ဝါရီလ ၂၈ ရက် မနေ့ နေ့လယ် ၁၂ နာရီလောက်က ကျောင်းဝင်းထဲမှာပဲ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဗထူးတပ်မတော်ရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။
“စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်းနေတဲ့ Non-CDM ဆရာ၊ ဆရာမတွေ ဖမ်းခဲ့တာပါ။ ကျွန်တော်တို့ လက်ထဲမှာ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတယ်”
ဒါ့အပြင် ထားဝယ်တက္ကသိုလ်နဲ့ ကပ်ရပ်မှာရှိတဲ့ ဘုရားမဲ ဘုရားဝင်းအတွင်း တပ်ချထားတဲ့ စစ်ကောင်စီ တပ်စခန်းငယ်နဲ့ စစ်ဆေးရေးဂိတ်ရှိပြီး အဲဒီနေရာတွေကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး သေနတ်နှစ်လက်နဲ့ ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဗထူးတပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ PDF တွေက ထားဝယ်နည်းပညာ တက္ကသိုလ်က ဒုတိယပါမောက္ခချုပ် အပါအဝင် သုံးဦးကို ဖမ်းဆီးသွားတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး ဒီအတွက် သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်သလို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဆရာ၊ ဆရာမ တွေကိုလည်း အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပူတပြင်းရှာဖွေ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။