အစိုးရအိမ်ယာအတွက် သိမ်းယူခဲ့တဲ့မြေတွေကို ထားဝယ်တောင်သူတွေပြန်ရ
2013.06.13
တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှာ အစိုးရအိမ်ယာတွေ ဆောက်ဖို့ သိမ်းဆည်းထားတဲ့ လယ်မြေတွေကို ဒေသခံ တောင်သူတွေကို ပြန်လည် လုပ်ကိုင် စားသောက်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။
ထားဝယ် ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ခွင့်ပြု ပေးလိုက်တဲ့အတွက် ဒေသခံ တောင်သူ ၃ဝ ကျော်ဟာ ထားဝယ်မြို့ အတွင်းမှာရှိတဲ့ ထိန်သစ် အနောက်ကွင်းနဲ့ ဆန်းချီကွင်းက လယ်မြေ ၅ ဧကမှာ ဒီကနေ့ မနက်ပိုင်းက စတင် ထွန်ယက်နေကြပြီဖြစ်ပါတယ်။
အခုလို လယ်စိုက်ပျိုးခွင့် ပြန်ရပေမယ့် နိုင်ငံတော်က စီမံကိန်း ပြန်လည် အကောင်အထည်ဖော်ဖြစ်ခဲ့ရင် နေရာ ပြန်ဖယ်ပေးရမယ်ဆိုပြီး ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက တောင်သူတွေကို လက်မှတ်ထိုး ခိုင်းခဲ့တယ်လို့ တောင်သူဦးထွန်းထွန်းဝင်းက RFA ကိုပြောပါတယ်။
လွန်ခဲ့တဲ့ ၁၉၉ဝ ခုနှစ်က မြို့သစ်နဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့ဆိုပြီး ထားဝယ် ခရိုင်အတွင်းက လယ်မြေဧက ၁ ထောင်ကျော်ကို အစိုးရက သိမ်းယူခဲ့ပြီး နေရာတချို့မှာ ပုဂ္ဂလိက ကုမ္ပဏီတွေက ဝင်ရောက် လုပ်ကိုင်လာကြတယ်လို့ ဒေသခံတောင်သူတွေက ဆိုပါတယ်။